၂၀၀၈ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၂၈ သန်း ဝန်းကျင်နဲ့ အများဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ တောက်လျှောက်ကျဆင်းလာခဲ့တဲ့ ဂျပန်လူဦးရေဟာ ၂၀၇၀ ပြည့်နှစ်မှာ ၈၇ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ လက်ရှိခန့်မှန်းချက်တွေက ဆိုပါတယ်။ ၂၁၀၀ ပြည့်နှစ်မှာတော့ ဂျပန်လူဦးရေဟာ ၆၃ သန်းသာ ကျန်ရှိနိုင်ပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေသာ ထက်ဝက်သာ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
လူဦးရေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုနဲ့အတူ ပင်စင်ကြေးနဲ့ ဆေးဝါးစောင့်ရှောက်မှုစရိတ်မြင့်တက်မှု ပြဿနာတွေပါ ထပ်ပေါင်းစပ်နေပါတယ်။ ဆရာ/ဆရာမ ၊ ဆရာဝန်နဲ့ လူနာစောင့်ရှောက်ရေး စတဲ့ ဂျပန်နိုင်ငံက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတော်တော်များများမှာ လုပ်သားရှားပါးမှုပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။
ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်တင်အနိမ့်ဆုံးအနေအထားကို ရောက်သွားခဲ့ပြီး လုပ်သားအင်အားကလည်း တစ်နှစ်ကို ၁.၂ ရာခိုင်နှုန်းနဲ့ လျော့ကျလာနေပါတယ်။
ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုကြောင့် လူဦးရေအကျပ်အတည်းကြုံတွေ့နေရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများအတွက် ဂျပန်နိုင်ငံဟာ နမူနာသတိပေးခေါင်းလောင်းသံပါပဲ။
သံမဏိလေဒီ တက်လာပြီ
ဂျပန်သမိုင်းမှာ မရှိဖူးတဲ့ အရာဟာ ၂၀၂၅ ခုနှစ်ရဲ့ အောက်တိုဘာလမှာ မွေးဖွားလာပါတယ်။ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ပေါ်ပေါက်လာတာပါပဲ။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို လေးစားတဲ့အနေနဲ့ အပြာရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားလေ့ရှိတဲ့ ‘ဆာနအဲ တာကအိချိ’ ဆိုတဲ့ အမျိုးသမီးဟာ ဂျပန်သမိုင်းမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ်ဝါဒီ အသက် ၆၄ နှစ်အရွယ် ဒီအမျိုးသမီးဟာ ‘ဂျပန်ပြည်ရဲ့ သံမဏိလေဒီ’ လို့လည်း တင်စားခံရပါတယ်။ သူမ ဝန်ကြီးချုပ်ဖြစ်လာတာဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းကစလို့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် သဘောထားတင်းမာသူတစ်ဦး ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ပြန်ဖြစ်လာတာပါပဲ။
အခုနှစ် ၂၀၂၅ ဟာဂျပန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၄ သန်းဝန်းကျင်နဲ့ စံချိန်တင် အမြင့်ဆုံး ရောက်လာတဲ့ သက္ကရာဇ် ဖြစ်ပါတယ်။ ဒီပမာဏဟာ ဂျပန်လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ဝန်းကျင်မှာ ရှိတယ်ဆိုပေမယ့် ဖွံ့ဖြိုးပြီး အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ပိုနည်းနေပါသေးတယ်။ ဂျပန်မှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ အခုလို မြင့်တက်လာတာဟာ နိုင်ငံအတွင်းက လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ၂၀၁၉ ခုနှစ်မှာ စတင်ထုတ်ပေးခဲ့တဲ့ သတ်မှတ်ကျွမ်းကျင်လုပ်သားဗီဇာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာအနှံ့က ကွန်ဆာဗေးတစ်ဝါဒီတွေနဲ့ လက်ယာပေါ်ပြူလစ်နိုင်ငံရေးသမားတွေနည်းတူ တာကအိချိမှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဆန့်ကျင်တဲ့ ရပ်တည်ချက် ရှိပါတယ်။ တာကအိချိနဲ့ သူမရဲ့ မဟာမိတ်တွေဟာ ဂျပန်ပြည်က ရွှေ့ပြောင်းနေထိုင်သူတွေကို “အသံတိတ် ကျူးကျော်မှု” လို့ ဖော်ပြပြီး ဆန့်ကျင်တဲ့ သဘောထားပြသကြပါတယ်။
သို့ပေသိ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ကန့်သတ်တဲ့ မူဝါဒတွေက ဂျပန်ရဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ နေနေသာသာ လုပ်သားရှားပါးမှုနဲ့ ငွေကြေးဖောင်းပွမှုကိုပဲ ပိုဖြစ်စေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ တာကအိချိဟာ ပိုပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို မကျင့်သုံးဘူးရင် သူမရဲ့ ဝန်ကြီးချုပ်သက်တမ်းဟာ စီးပွားရေးရပ်တန့်ကျဆင်းမှုတွေနဲ့ ကြုံရနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်မှု
အခုနှစ်ထဲ ဂျပန်ပြည်မှာ စံချိန်တင်မြင့်တက်လာတဲ့ နောက်တစ်ခုကတော့ နိုင်ငံခြားသားမိဘတွေကနေ ကလေးမွေးဖွားမှုနှုန်းပါပဲ။ တရုတ် ၊ ဖိလစ်ပိုင် ၊ ဘရာဇီးလ်မိခင်တွေက ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ဒါက ဂျပန်မိခင်တွေရဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းမှုကို ကာမိအောင် ပြန်လည်ထိန်းညှိပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဂျပန်ရဲ့ ခရီးသွားလုပ်ငန်းကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနေပြီး ပြီးခဲ့တဲ့နှစ်မှာ ခရီးသွား ၃၇ သန်းနီးပါး လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ဂျပန်မှာ နိုင်ငံခြားသားအရေအတွက် တိုးလာတာက လက်ယာစွန်းနိုင်ငံရေးအားကောင်းလာဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။
ဒီအခြေအနေဟာ “ဂျပန်မှာ နိုင်ငံခြားသားတွေက အခွင့်ထူးခံ ဖြစ်နေတယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ လက်ယာစွန်း ဆန်ဆဲအိတိုးပါတီအပြင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ အခြားသော ပါတီတွေနဲ့ မူဝါဒတွေ အသာစီးရလာဖို့ ဖြစ်လာစေပါတယ်။ ဒီအနေအထားကြောင့် အာဏာရ LDP ပါတီဟာလည်းပဲ လက်ယာစွန်းပါတီတွေဆီ သူတို့ရဲ့ မဲလက်လွှတ်မဆုံးရှုံးရအောင် လက်ယာနိုင်ငံရေးဘက် ပိုရွေ့လာဖို့ တွန်းအားပေးခံရသလို ဖြစ်လာခဲ့ပါတယ်။
အခုနှစ်အတွင်း ဂျပန်တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာ ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက သူတို့ရဲ့ အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာ နိုင်ငံခြားသားတွေ ရှိနေတာနဲ့ ပတ်သက်လို့ “သက်တောင့်သက်သာ မဖြစ်ကြောင်း” ဝန်ခံထားကြပါတယ်။ ဒီလို ဖြေဆိုသူ အရေအတွက်ဟာ ၂၀၂၂ ခုနှစ်မှာ ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
နိုင်ငံခြားသားတွေအပေါ် အမုန်းစကား ဂရပ်ဖစ်တီရေးဆွဲတာကနေ အရှေ့တောင်အာရှက အလုပ်သမားတွေကို တိုက်ခိုက်မှုတွေအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ ဖြစ်စဉ်တွေဟာ အခုနှစ်အတွင်းမှာပဲ ၂၅ ရာခိုင်နှုန်း ခုန်တက်လာခဲ့တယ်လို့ ရဲမှတ်တမ်းတွေက ဖော်ပြပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်အတွင်းမှာပဲ ဂျပန်လူမှုကွန်ရက်သုံးစွဲသူတွေအကြား #JapaneseFirst ဟက်ရှ်တက်ပါတဲ့ ရေးသားမျှဝေမှုပေါင်း ၂.၅ သန်းအထိ ပျံ့နှံ့သွားခဲ့ပါသေးတယ်။
အခုနှစ် ဇူလိုင်လက အထက်လွှတ်တော် ရွေးကောက်ပွဲမှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေပဲ လွှမ်းမိုးခဲ့ပါတယ်။ နိုင်ငံခြားသားတွေက လူမှုဖူလုံကြေး မပေးဆောင်တာ ၊ နိုင်ငံခြားသားတွေက ဆေးကုသစရိတ် မပေးဆောင်တာနဲ့ နိုင်ငံခြားသားတွေရဲ့ မြေယာဝယ်ယူမှုတွေကပဲ ပြည်သူတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကို လက်ယာစွန်း ဆန်ဆဲအိတိုးပါတီက “ဂျပန်လူမျိုး ပဓာန” ဆိုတဲ့ ကြွေးကြော်သံနဲ့ ကောင်းကောင်းအသုံးချသွားခဲ့ပြီး အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အောင်မြင်မှု ကြီးကြီးမားမား ရသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်သစ်လက်ထက် ရွှေ့ပြောင်းနေထိုင်သူများအရေး
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ(JIP)က အစိုးရအနေနဲ့ နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမယ့် နိုင်ငံခြားသားအရေအတွက်ကို ကန့်သတ်ဖို့ မူဝါဒအဆိုပြုချက်ကို ဒီနှစ်အစောပိုင်းမှာ တင်သွင်းခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူအရေးဟာ ဝန်ကြီးချုပ် တာကအိချိ အစိုးရရဲ့ ဦးစားပေးအကြောင်းအရာတစ်ခု ဖြစ်လာနေပါတယ်။ ဂျပန်နိုင်ငံအတွင်းက နိုင်ငံခြားသားတွေနဲ့ ဆက်ဆံဆောင်ရွက်ရေးကို အထူးကိုင်တွယ်ဖို့အတွက် ဝန်ကြီးဌာနသစ်တစ်ခုကို မကြာသေးခင်ကပဲ အစိုးရအဖွဲ့အတွင်းမှာ ထည့်သွင်းဖွဲစည်းလိုက်ပါတယ်။ ‘နိုင်ငံခြားသားများနှင့် စည်းကမ်းရှိရှိ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးဆိုင်ရာ ဝန်ကြီးဌာန’လို့ ဒီဌာနကို အမည်ပေးထားပါတယ်။
စီးပွားရေးလုံခြုံမှုဝန်ကြီးဖြစ်သူ ကီမီအိုနိုဒါဆိုတဲ့ အမျိုးသမီးက ဒီဝန်ကြီးဌာနကိုပါ ပူးတွဲကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ သူမအနေနဲ့ စည်းကမ်းမလိုက်နာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် တင်းကျပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ၊ အားနည်းနေတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကီမီအိုနိုဒါက ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူအနည်းစုရဲ့ ရာဇဝတ်မှုတွေ ၊ အနှောင့်အယှက်ပေးမှုတွေကြောင့် ဂျပန်ပြည်သူတွေမှာ စိုးရိမ်ပူပန်မှုနဲ့ မကျေနပ်ချက်တွေ ခံစားနေရတယ်လို့ သူမက ဆိုပါတယ်။
“ကျွန်မတို့ဟာ နိုင်ငံခြားသားမုန်းတီးရေးအဆင့်အထိ မရောက်အောင် သတိထားရမှာ ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ဖို့ဆိုတာကလည်း စီးပွားရေးတိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်” ကီမီအိုနိုဒါက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ် တာကအိချိဟာ နိုင်ငံအတွင်းက လုပ်သားရှားပါးတဲ့ ကဏ္ဍအချို့မှာ နိုင်ငံခြားသားလုပ်သားတွေ ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ကို ထောက်ခံအားပေးပါတယ်။ ဒါပေမဲ့ ဒီလိုအားပေးတယ်ဆိုရာမှာလည်း ဂျပန်ဘာသာစကားတတ်မြောက်မှုအပါအဝင် တင်းကျပ်တဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ ချမှတ်ပြီးမှ ခွင့်ပြုပေးတာ ဖြစ်ပါတယ်။
တာကအိချိဟာ ရွှေ့ပြောင်းနေထိုင်သူတွေ အစုလိုက်အပြုံလိုက် အခြေချတာ ၊ ဂျပန်မှာ နေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံရေးအရ အခွင့်အရေး အများအပြားပေးတာတွေကို ဆန့်ကျင်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်လို့ ‘ထိန်းထိန်းသိမ်းသိမ်း တံခါးဖွင့်ရေးမူ’ကို ကျင့်သုံးဖို့ ရည်မှန်းထားတယ်လို့ သူမက ပြောဖူးပါတယ်။ ဂျပန်နိုင်ငံထဲကို ဝင်ရောက်လာမယ့် ကျွမ်းကျင်လုပ်သားတွေကိုတော့ ကြိုဆိုပေမယ့် “ဥပဒေချိုးဖောက်သူတွေ” ကိုတော့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်သွားမယ်လို့ သူမက ဆိုပါတယ်။
နိုင်ငံခြားသားတွေကို ဖယ်ရှားပစ်လိုတဲ့ ရည်မှန်းချက် မရှိဘူးလို့ ဝန်ကြီးချုပ် တာကအိချိက ဆိုပါတယ်။ ဒါပေမဲ့ ဒုက္ခသည်ပုံစံ ဖမ်းပြီး စီးပွားရေးအတွက် ရွှေ့ပြောင်းနေထိုင်သူတွေကိုတော့ စိစစ်ဖယ်ရှားသွားမယ်လို့ သူမက အလေးပေး ပြောဆိုပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားမှု ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့အတွက် စိစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သူမက အာမခံပြောကြားထားပါတယ်။
တာကအိချိရဲ့ ရွှေ့ပြောင်းနေထိုင်သူအရေး မူဝါဒတွေဟာ လက်ရှိအချိန်အထိ အသေးစိတ်ထွက်ပေါ်လာတာ မရှိသေးပါဘူး။ ဒါပေမဲ့ သူမဟာ နိုင်ငံခြားသားတွေကို ဂျပန်လူမျိုးတွေရဲ့ လူမှုသဟဇာတဖြစ်မှုကို အန္တရာယ်ဖြစ်စေသူအဖြစ် ရှုမြင်သူအဖြစ် ဖော်ပြခံရပါတယ်။ သူမဟာ နိုင်ငံခြားသားတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ရှုမြင်သူအဖြစ် ဖော်ပြခံရပါတယ်။
“ဂျပန်ဟာ ကမ္ဘာကြီးရဲ့ လူမှုဖူလုံရေးနိုင်ငံ မဟုတ်ပါဘူး။ ဂျပန်ကို အကျိုးပြုမယ့်သူတွေကိုသာ ကြိုဆိုပါတယ်။ ဝန်ထုပ်ဝန်ပိုးတွေကို မကြိုဆိုပါဘူး”
မကြာသေးခင်က သူမ ပြောခဲ့တဲ့ ဒီစကားက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲ တာကအိချိရဲ့ သဘောထားကို အကောင်းဆုံး ထင်ဟပ်စေမှာပါ။
Ref: The Conversation ၊ The Japan Times ၊ The New York Times ၊ The Think Tank Journal
ဈာန်ဟိန်း







