BREAKING
October 28, 2025

မိုးသည်းထန်သဖြင့် မြိတ်မြို့ရှိ တောကျောင်းပရိယတ္တိစာသင်တိုက်အုတ်နံရံပြိုကျ

October 28, 2025

ဓာတ်ပုံ - U Nyarnei Da

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်မြို့ အလယ်ကျွန်းရပ်ရှိ တောကျောင်းပရိယတ္တိစာသင်တိုက် အုတ်နံရံအချို့ ပြိုကျပျက်စီးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်ညက မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် အဆိုပါညတွင်ပင် ပြိုကျခဲ့ပြီး အချိန်အတိအကျကို မသိရကြောင်း မြိတ်မြို့ သန်းဖိုရပ်နေ မြို့ခံတစ်ဦးက ဆိုသည်။

“ညက မိုးမနည်းကြီးကြီး(သည်း)။ အိမ်ထဲတွေနဲ့ လမ်းမတွေမှာလည်း ရေကြီးကုန်တယ်။ တောကျောင်းက နံရံတွေလည်းပြိုကျကုန်တယ်။ နေ့ဘက်က နေပူပြီး ညကျတော့ မိုးကြီးရွာတယ်‌လေ။ ဒါကြောင့် အက်ကွဲနေတဲ့နေရာတွေက ရေဝင်ပြီး ပြိုကျကုန်တယ်ထင်တယ်”ဟု အထက်ပါ မြို့ခံက ပြောသည်။

တောကျောင်းပရိယတ္တိစာသင်တိုက်ရှိ မုခ်ပေါက်၊ အုတ်တံတိုင်းအချို့နှင့် ထိုင်တော်မှုဘုရားများ တည်ရှိရာ ဘုရားစောင်းတန်း အုတ်နံရံအချို့ပြိုကျပျက်စီးခဲ့ကြောင်း မြိတ်မြို့ အလယ်ကျွန်းရပ်နေဒေသခံအချို့ထံမှ သိရသည်။

“တော်တော်လည်းကြာနေပြီဆိုတော့ နေဒဏ်မိုးဒဏ်တွေကြောင့် ယိုယွင်းပျက်စီးသွားတာပါ”ဟု အလယ်ကျွန်းရပ်နေ မြို့ခံတစ်ဦးက‌ ပြောသည်။

အဆိုပါ ပရိယတ္တိစာသင်တိုက်တွင် ရှေးဟောင်းလက်ရာစေတီပုထိုးများရှိပြီး တောကျောင်းပရိယတ္တိစာသင်တိုက်၏ သက်တမ်းမှာ နှစ်ပေါင်းရာချီ ရှိပြီဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။