စစ်ရေးတင်းမာနေသဖြင့် မြိတ်-တနင်္သာရီ – ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊တနင်္သာရီတိုင်းစစ်ဌာန အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၂၈ရက်ကစပြီး အဆိုပါလမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ကြောင်း ဖော်ပြသည်။
အဆိုပါလမ်းပိုင်းရှိ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်း၊ တိုက်ပွဲမဖြစ်သည့် နေရာများကိုလည်း စစ်အာဏာရှင်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းအပြင် လမ်းမကြီးကိုအသုံးပြုကာ စစ်အာဏာရှင်တပ်က စစ်ကူနှင့် ထောက်ပံ့ရေးလုပ်ဆောင်နေခြင်း၊ စစ်ဆေးရေးဂိတ်များက ခရီးသွားများကို တရားမဲ့စစ်ဆေးခြင်း၊ လူနှင့် ကုန်ပစ္စည်းများကို တရားမဲ့ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်နေခြင်း၊ လူငယ်များကို အဓမ္မဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဖော်ပြသည်။
ထို့ကြောင့် လက်ရှိဖြစ်နေသည့် စစ်ရေးအခြေအနေအရ ပြည်သူများများအန္တရာယ်ရှိသဖြင့် အဆိုပါလမ်းကို ဖြတ်သန်းသွားလာခြင်းမလုပ်ရန် အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ခပ်စိပ်စိပ်ရှိနေသည်။
တနင်္သာရီမြို့နယ်အတွင်းအခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း အဆိုပါလမ်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်း၊ လမ်းပိုင်းစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပိုတင်းကျပ်လာကြောင်း ပြောဆိုသည်။
“တနင်္သာရီမြို့နယ်ထဲမှာဆို စစ်ရေးပိုတင်းမာလာဖို့ရှိတယ်။ ဒါကြောင့် မသွားလာဖို့တားဖြစ်ထားရင် မသွားတာက အကောင်းဆုံးပါပဲခင်ဗျာ”ဟု ၎င်းကပြောသည်။
မြိတ်နှင့် ဘုတ်ပြင်းမြို့ကို မကြာခဏသွားလာနေသည့် ပြည်သူတစ်ဦး၏အဆိုအရ အဆိုပါလမ်းတစ်လျှောက်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်တွင် လူနှင့် ကုန်ပစ္စည်းအပေါ် စစ်ဆေးမှုပိုတင်းကျပ်လာကြောင်း သိရသည်။
“တနင်္သာရီလမ်းတစ်လျှောက်မှာက စစ်တပ်ဂိတ်တွေပိုများလာတယ်။ကုန်ကားတွေမှာဆိုလည်း တအား(အရမ်း) စစ်ဆေးတယ်။ခရီးသည်မပါဘဲ ကုန်ပစ္စည်းပဲပါရင် ဖောက်ထုတ်စစ်ဆေးပြီး ယူထားခဲ့တယ်။ မတန်သာ(မတတ်သာ)လို့သာ ဒီလမ်းခရီးတွေသွားလာနေရတာ တအားစိတ်ပျက်ဖို့ကောင်းတယ်”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုလမ်းပေါ်ရှိ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာနေသလို ရန်ကုန်-မြိတ်လမ်းပိုင်းတွင်လည်း တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်။
မြိတ်-ဘုတ်ပြင်းလမ်းပိုင်းမှာ ပျမ်းမျှအားဖြင့် ၁၄၂ မိုင်ခန့်ရှည်လျားပြီး အဆိုပါလမ်းပေါ်တွင် တနင်္သာရီမြို့နှင့် ပြည်ကြီးမဏ္ဏိုင်မြို့တို့ ရှိသည်။







