မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဂူတာရက်စ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက “ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်၏ အာဏာသိမ်းယူမှုသည် မြန်မာနိုင်ငံအပေါ် ဘေးဒုက္ခများ စုပုံစေခဲ့သည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုပါ ခြိမ်းခြောက်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းက ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ‘စက်ဆုပ်တုန်လှုပ်ဖွယ်’ အကြမ်းဖက်မှုများကို ရပ်စဲကာ အရပ်သားအုပ်ချုပ်မှုဆီ ပြန်သွားနိုင်ရန် ယုံကြည်စိတ်ချရမည့် လမ်းကြောင်းတစ်ခု ရှာဖွေဖော်ထုတ်ရန်လည်း မစ္စတာဂူတာရက်စ်က တောင်းဆိုခဲ့သည်။
“အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်စဲဖို့ ၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအတွက် မှန်မှန်ကန်ကန် ကတိကဝတ်ပြုဖို့ ၊ အရပ်သားအုပ်ချုပ်မှုဆီ ပြန်သွားဖို့ ယုံကြည်စိတ်ချရတဲ့လမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ ကျွန်တော် ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ရှေ့ခရီးစဉ်ဟာ ဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးအပေါ် ခိုင်ခိုင်မာမာ အခြေခံထားတဲ့ ဒီမိုကရေစီအင်စတီကျးရှင်းတွေ ပြန်လည်ထူထောင်ရေးဆီ ဦးတည်ရပါမယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့အရေး အကျပ်အတည်းဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်းလည်း မစ္စတာဂူတာရက်စ်က ဖြည့်စွက်ပြောသည်။
“အခုချိန်ဟာ လူသားချင်းစာနာမှုလမ်းကြောင်းတွေ ဖွင့်ပေးဖို့ ၊အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ပြည့်စုံလွှမ်းခြုံမှုရှိတဲ့ နိုင်ငံရေးအဖြေတစ်ခု ရဖို့ အထောက်အကူပြုရမယ့် အချိန်ရောက်နေပါပြီ” ဟု ၎င်းက ဆိုသည်။
“မြန်မာပြည်သူတွေဟာ ကျွန်တော်တို့ရဲ့စုပေါင်းပံ့ပိုးကူညီမှုအပေါ်မှာ အားထားနေကြပါတယ်” ဟုလည်း ၎င်းက ပြောသည်။
Source: Reuters







