BREAKING
October 28, 2025

လိင်စိတ်ခံယူမှုကွဲပြားသည့် ဗြိတိန်တပ်ဖွဲ့ဝင်များအတွက် ပထမဆုံး အမျိုးသားအထိမ်းအမှတ်ရုပ်တု ဖွင့်လှစ်

October 28, 2025

ဓာတ်ပုံ - Reuters

လိင်စိတ်ခံယူမှုကွဲပြားသည့် ဗြိတိန်တပ်ဖွဲ့ဝင်များအတွက် ပထမဆုံးသော အမျိုးသားအထိမ်းအမှတ်ရုပ်တုကို ချားလ်ဘုရင် ၃ က အောက်တိုဘာလ ၂၇ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ပေးလိုက်သည်။

ဗြတိန်စစ်တပ်အတွင်း လိင်တူကြိုက်နှစ်သက်မှုကို တားမြစ်သည့် ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့ပြီးနောက် ၂၅ နှစ်အကြာတွင် အဆိုပါ အမျိုးသားအထိမ်းအမှတ်ရုပ်တုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသားအထိမ်းအမှတ်ရုပ်တုကို ပိန်ချိုင့်နေသည့် ကြေးညိုစကားလုံးများ ပေါင်းစပ်ထားဟန်ဖြင့် ဖန်တီးထားသည်။

ယင်းမှာ စစ်တပ်အတွင်း လိင်တူချစ်ကြိုက်မှု ပိတ်ပင်မှုဒဏ်ကို ခံစားခဲ့ရသည့် တပ်ဖွဲ့ဝင်များ ရေးခဲ့သည့် စကားလုံးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။

အဆိုပါ အထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ ချားလ်ဘုရင် ၃ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများနှင့် စစ်မှုထမ်းဟောင်းများလည်း တက်ရောက်ခဲ့သည်။

၁၉၇၁ ခုနှစ်က အသက် ၂၁ နှစ်အရွယ်၌ ဗြိတိန်တော်ဝင်အမြောက်တပ်မှ ထုတ်ပယ်ခံခဲ့ရသည့် စစ်မှုထမ်းဟောင်း ကလဲယားအက်ရှ်တန်က အဆိုပါ အခမ်းအနားကို “မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်ထားတဲ့ အခိုက်အတန့် ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ အခိုက်အတန့် ၊ နောက်ဆုံးမှာတော့ ဂုဏ်ယူဝမ်းမြောက်ခဲ့ရတဲ့ အခိုက်အတန့်” ဟု ပြောသည်။

ဗြတိန်စစ်တပ်တွင် အနှစ် ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် လိင်တူချစ်သူအမျိုးသမီးတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်ကလဲယားဖီးလစ်ကလည်း သူမ၏ စစ်မှုထမ်းဘဝသည် “လျှို့ဝှက်မှု ၊ ကြောက်ရွံ့မှုတို့နှင့်အမှောင်ထဲတွင် နေရသည့် ဘဝမှ ဂုဏ်ယူမှု ၊ ပွင့်လင်းမှုနှင့် ပျော်ရွှင်မှုရှိသော အသက်မွေးဝမ်းကြောင်း ဘဝသို့ ရောက်ရှိလာခဲ့ပြီ” ဟု အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ဗြိတိန်စစ်တပ်အတွင်း လိင်တူချစ်ခင်သူ (သို့မဟုတ်) လိင်ပြောင်းလဲခံယူထားသူဟု ယူဆခံရသည့် တပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်ရန် မသင့်လျော်ဟု သတ်မှတ်ခဲ့ကာ စစ်တပ်မှ ထုတ်ပယ်ခြင်းနှင့် အနားပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။

အချို့တပ်ဖွဲ့ဝင်များမှာ ၎င်းတို့ ဆွတ်ခူးထားသည့် ဆုတံဆိပ်များ ရုတ်သိမ်းခံရခြင်း ၊ ပင်စင်ခံစားခွင့်ဆုံးရှုံးခြင်းတို့ ကြုံတွေ့ခဲ့ရပြီး အခြားတပ်ဖွဲ့ဝင်တော်တော်များများမှာလည်း ဆယ်စုနှစ်များစွာ လူမှုရေးအမည်းစက်ဒဏ်နှင့် ရုန်းကန်ခဲ့ရသည်။

ဥရောပလူ့အခွင့်အရေးတရားရုံး၏ ၁၉၉၉ ခုနှစ် ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်တွင် ဗြိတိန်စစ်တပ်အတွင်း ယင်းသို့ ပိတ်ပင်ထားမှုကို ရုတ်သိမ်းလိုက်သည်။

ယင်းသို့ ပိတ်ပင်ထားမှုကို ၂၀၂၃ ခုနှစ်တွင် ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ရစ်ရှီဆူးနက်က “ဗြိတိန်နိုင်ငံတော်၏ ဆိုးရွားလှသော ပျက်ကွက်မှု” ဟု ခေါ်ဆိုကာ တရားဝင် တောင်းပန်ခဲ့သည်။

လိင်စိတ်ခံယူမှုကွဲပြားချက်ကြောင့် စစ်တပ်မှ ထုတ်ပယ်ခံခဲ့ရသည့် စစ်မှုထမ်းဟောင်းများကို တစ်ဦးလျှင် စတာလင်ပေါင် ၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၃,၀၀၀) အထိ လက်ခံရရှိနိုင်မည့် လျော်ကြေးပေးရေး အစီအစဉ်ကိုလည်း စတင်ဆောင်ရွက်ခဲ့သည်။

Source: AP News ၊ BBC