ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်သားများက (ယနေ့) စက်တင်ဘာ ၂၈ ရက် ညနေ ၆နာရီခွဲ ဝန်းကျင်တွင် မီးရှို့နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဒေသခံများ စစ်ဘေးရှောင်နေကြရသဖြင့် လက်ရှိတွင် မီးငြှိမ်းသတ်မည့်သူ မရှိဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ပလမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ်ကတည်းက မင်းပြင်ရွာက ဒေသခံများမှာ တိမ်းရှောင်နေကြရပြီး သုံးလကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ညနေဘက် မီးစရှို့တယ်။ အခုအထိတော့ (ည ၉နာရီခွဲ) မီးမငြိမ်းသေးဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
မင်းပြင်ရွာအနီးဝန်းကျင်တွင် စစ်ဘေးရှောင်နေရသည့် ရွာသားများလည်း ယခုညတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်လာသဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
“အဖမ်းခံရသူတွေလည်း ရှိတယ်။ စစ်ရှောင်နေရတဲ့ ရွာသားတွေလည်း အကုန်ထွက်ပြေးနေကြရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ အခြားတစ်ဦးက ပြောသည်။
လက်ရှိဖြစ်စဥ်အတွင်း မီးလောင်ပျက်စီးသွားသည့်နေအိမ်အရေအတွက်နှင့် ဖမ်းဆီးခံရသူအရေအတွက်ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ယနေ့ နံနက်ပိုင်းက မင်းပြင်ရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြပြီး စစ်အာဏာရှင်တပ်သားများ အထိနာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ပလမြို့ကို တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးခြင်း၊ လေကြောင်း၊ ရေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။