BREAKING
October 18, 2025

စစ်အာဏာရှင်တပ် ကန့်သတ်မှုကြောင့် တနင်္သာရီတိုင်းသို့ ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအပါ ကုန်ပစ္စည်းအချို့ ပို့ဆောင်မှုရပ်

August 28, 2025

ပုံစာ - ရန်ကုန်တိုင်းအတွင်းရှိ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Royal Express

တိုင်းပြင်ပမှ ဆိုလာ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အပါအဝင် ကုန်ပစ္စည်းအချို့သယ်ဆောင်ခွင့်ကို စစ်အာဏာရှင်တပ်က ကန့်သတ်လိုက်သည့်အတွက် ပို့ဆောင်မှုရပ်ဆိုင်းလိုက်ကြောင်း ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ လုပ်ငန်းအချို့ ထံမှ သိရသည်။

စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များက ပြီးခဲ့သည့် လပိုင်းကတည်းက ယင်းကဲ့သို့ ကန့်သတ်ထားခြင်းဖြစ်ပြီး ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုနှင့် တစ်ခု ကန့်သတ်ပစ္စည်း ကွဲပြားမှုရှိကြောင်း အဆိုပါကုမ္ပဏီလုပ်ငန်းများထံမှ သိရသည်။

ယင်းသို့ ပိတ်ပင်နေသည့်အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအနေဖြင့် ပစ္စည်းပို့ဆောင်သည့်ဝန်ဆောင်မှုကို ယခု သီတင်းပတ်အတွင်း ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စစ်ဆေးရေးဂိတ်အလိုက် ကန့်သတ်ထားတာကတော့ တစ်ဂိတ်နဲ့ တစ်ဂိတ် မတူဘူး။ အဲဒီတော့ ကျွန်မတို့ဘက်ကလည်း လမ်းကြောင်းအလိုက် ခြုံပြီးတော့ ပို့လို့မရတဲ့ ကုန်ပစ္စည်းဆိုပြီးတော့ ကန့်သတ်ထားလိုက်တာ” ဟု ၎င်းက ပြောသည်။

တိုင်းပြင်ပမှ ဝယ်ယူသည့်ကုန်စ္စည်းများကို တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် မြို့များသို့ ပို့ဆောင်ရာတွင် Royal Express၊ BeeXprss၊ Ninja Van စသည့် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများအပြင် ခရီးသည် ယာဥ်လိုင်းများကလည်း ပို့ဆောင်လေ့ရှိကြသည်။

လက်ရှိတွင် လက်ကိုင်ဖုန်း၊ ပါဝါဘဏ် (Power Bank)၊ လက်ပတ်နာရီ၊ ကွန်ပျူတာ စသည့် လျှပ်စစ်ပစ္စည်းများကို လုံးဝ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း အထက်ပါ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများထံမှ သိရသည်။

ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကိုမူ ပို့ဆောင်သူနှင့် လက်ခံသူ၏ ကုမ္ပဏီလိုင်စင် ပြသနိုင်ပါက ပမာဏအနည်းငယ် ပို့ဆောင်နိုင်ကြောင်း ယင်းလုပ်ငန်းများထံမှ သိရသည်။

ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို တနင်္သာရီတိုင်းအတွင်းသို့ ပို့ဆောင်ခွင့် ပိတ်ပင်ထားသည်မှာ နှစ်ချီကြာမြင့်နေပြီ ဖြစ်ကြောင်း ထားဝယ်မြို့ခံ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“လိုင်စင်ရှိတဲ့ သူတိုင်းလည်း ပို့လို့မရပါဘူး။ အခုပို့နေကြတာက သူ့လမ်းကြောင်းနဲ့ သူပဲ။ အရင်လို ပုံမှန်ပို့မရတာက ကြာပြီ။ အခုတော့ ပိုကျပ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသအချို့ကိုပါ ကုန်ပစ္စည်းပို့ဆောင်ခွင့် ကန့်သတ်ထားသည်။

မည်သည့်အကြောင်းပြချက်ဖြင့် ယင်းသို့ကန့်သတ်ထားကြောင်း မသိရသော်လည်း ကုန်ပစ္စည်းပို့ဆောင်ခွင့် ကန့်သတ်ခံရသည့် ဒေသအများစုက တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် ဒေသများဖြစ်သည်။

စစ်အာဏာရှင်တပ်သည် လက်ရှိ သြဂုတ်လမှ စတင်ကာ လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ ကုန်စည်တင်သွင်းခွင့်၊ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းသယ်ယူလာခွင့်များကိုပါ ကန့်သတ်ထားသည်။