တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းများ ရခိုင်ပြည်နယ်စစ်မြေပြင်တွင် ထိခိုက်သေဆုံးမှုများရှိနေကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် နီးစပ်သူများထံမှသိရသည် ။
၂၀၂၄ ခုနှစ်ကတည်းက စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် ထားဝယ်၊ မြိတ်နှင့် ပုလောမြို့နယ်နေ သင်တန်းဆင်းတပ်သားအချို့ ရခိုင်စစ်မြေပြင်တွင် ထိခိုက်သေဆုံးနေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်က ထားဝယ်မြို့ပေါ်တွင် စစ်မှုထမ်းအဓမ္မစုဆောင်းခံရသည့် အမျိုးသားတစ်ဦး၏ မိသားစုထံ ပုသိမ်အခြေစိုက် စစ်အာဏာရှင်တပ်တစ်ခုက သေဆုံးသည့်သတင်းကို ဖုန်းဆက်အကြောင်းကြားလာကြောင်း ကာယကံရှင်မိသားစုနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည် ။
ယခုရက်ပိုင်းအတွင်း ဖုန်းဆက် အကြောင်းကြားလာခြင်းဖြစ်ပြီး အသေးစိတ် အခြေအနေကို ကာယကံရှင် မိသားစုထံမှ သိရသော်လည်း စစ်အာဏာရှင်တပ်က အန္တရာယ်ပြုနိုင်သဖြင့် ယင်းမိသားစု လုံခြုံရေးအတွက် ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။
” —-ရဲ့ အိမ်ကလားဆိုပြီး ဖုန်းဆက်လာတယ် ။ ကျ(သေ)သွားပြီလို့ပြောတယ်။ အုပ်စုလိုက်ကျသွားတယ်တဲ့။ ထားဝယ်ဘက်က သုံးယောက်နဲ့ မြိတ် ၊ပုလောဘက်ကတွေလည်း ပါတယ်လို့ပြောတယ် ။ အလောင်းရလားမေးတော့ မရှိတော့ဘူးတဲ့ “ ဟု မိသားစုဝင် တစ်ဦးထံမှသိရသည်။
ရခိုင်စစ်မျက်နှာတွင် သေဆုံးသွားသည့် အဆိုပါထားဝယ်မြို့ခံအမျိုးသားသည် စစ်သင်တန်းတက်ပြီးနောက် မိသားစုနှင့် နှစ်ကြိမ်ခန့်သာ အဆက်အသွယ်ရကာ သင်တန်းဆင်းပြီးလပိုင်းအကြာတွင် ရခိုင်ပြည်နယ် —- မြို့နယ်ဘက် တာဝန်ကျနေသည်ဟု သိရကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။
တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းများကို မွန်နှင့် ကရင်ပြည်နယ်ရှိ စစ်မြေပြင်သို့လည်း ပို့ဆောင်ခံရကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် စစ်အာဏာရှင်တပ်သားများကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် တော်လှန်ရေးတပ်များ၏ မှတ်တမ်းအရ သိရသည်။
စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မှုထမ်းသင်တန်းဆင်းများကို ရှေ့တန်းပို့မည်မဟုတ်ဘဲ မိမိဒေသတွင်သာ တာဝန်ပြန်ထမ်းဆောင်စေမည်ဟု စစ်မှုထမ်းဥပဒေ စတင်အကောင်အအထည်ဖော်သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောဆိုထားသည်။
လက်ရှိတွင် စစ်မှုထမ်းသင်တန်းဆင်းများကို ရှေ့တန်းစစ်မျက်နှာသို့ ချက်ချင်းပို့ဆောင်နေပြီး ထိခိုက်သေဆုံးမှုများ နေသည်ကို တော်လှန်ရေးတပ်များကထုတ်ပြန်သည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။
ထို့အပြင် စစ်အာဏာရှင်တပ်ဆီက ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းသင်တန်းဆင်း အများအပြားရှိနေသည်။
စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်နှင့် မြေပြင်အခြေအနေကွဲလွဲနေမှုအပေါ် တနင်္သာရီတိုင်းစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ထံ Dawei Watch က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် သင်တန်းသား စုဆောင်းပေးခြင်းသာ လုပ်ဆောင်ရပြီး တာဝန်ချထားရေးနှင့်ပတ်သက်၍ မသိရကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
“အဲဒါကျတော့ ကျွန်တော်တို့တော့ မသိဘူးခင်ဗျား။အထက်အဖွဲ့အစည်းကနေ သူ့ဟာသူ တာဝန်ထမ်းဆောင်ဖို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ပြောလို့မနိုင်ဘူးခင်ဗျား”ဟု တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းအတွက် နည်းလမ်းမျိုးစုံဖြင့် အဓမ္မလူသစ်စုဆောင်းနေပြီး စစ်ကော်မရှင်ခန့် ရပ်/ကျေးတာဝန်ရှိသူများကလည်း စစ်မှုထမ်း အကြောင်းပြကာ ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံမှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
ဩဂုတ်လတွင် စစ်မှုထမ်းအပတ်စဉ် ၁၇ ကို သင်တန်းပေးနေပြီဖြစ်ဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ထံမှ သိရသည်။