BREAKING
October 19, 2025

ရေဖြူဒေသခံ စစ်ဘေးရှောင် ခုနစ်ရာကျော် အရေးပေါ် အကူအညီလို

August 28, 2025

ပုံစာ - တောထဲ တောင်ထဲ ထွက်ပြေးတိမ်းရှောင်လာကြသည့် ရေဖြူဒေသခံများ။ ဓာတ်ပုံ - CJ

ရေဖြူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ ခုနစ်ရာကျော် အရေးပေါ် အကူအညီ လိုအပ်နေ ကြောင်း ဒေသခံများနှင့် မွန်လူသားချင်းစာနာထောက်ထားမှု အထောက်အကူပြုမဟာမိတ်အဖွဲ့ (Mon Humanitarian Support Alliance) တို့ထံမှ သိရသည်။

ရေဖြူမြို့နယ်အတွင်း သြဂုတ်လ ၁၅ ရက်ကစပြီး ၂၅ရက်အထိ စစ်အာဏာရှင်တပ်နှင့် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၅ ရက် နောက်ပိုင်းတွင်လည်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများဘက်သို့ ဆက်လက် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။

တိုက်ပွဲကြောင့် ကော့လှိုင်၊ မရမ်းချောင်း၊ မိုင် ၆၀၊ ရာဖူး၊ သာယာမွန်၊ အလယ်စခန်း၊ ကျွဲတလင်း အစရှိသည့် ကျေးရွာများ က ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်ဘေးရှောင်များသည့် ထားဝယ်ခရိုင်အတွင်း တိမ်းရှောင်နေကြသလို မွန်ပြည်နယ် ရေးမြို့နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“နေ့တိုင်း ပစ်ခတ်နေကြတော့ မနေရဲကြဘူး ရွာမှာ။ အခုဆိုရင် ရွာမှာ ဘယ်သူမှ မရှိကြတော့ဘူး။ အကုန်ပြေးကုန်တယ်။ ရေးဘက်ပြေးသွားတာရှိတယ်။ တခြား နီးစပ်ရာ ဆွေမျိုး မိတ်ဆွေရှိတဲ့လူတွေက တခြားဒေသဘက်ကို သွားကြတယ်။ မွန်ပြည်သစ်ပါတီနယ်မြေထဲ ရွှေ့သွားကြတာလည်း ရှိတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သွားနေကြတယ်” ဟု ရေဖြူဒေသခံ တစ်ဦးက ပြောသည်။

သြဂုတ်လ ၂၆ ရက်အထိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကလေး၊ သက်ကြီးရွယ်အိုများ အပါအဝင် ရေဖြူဒေသခံ ၇၀၀ ကျော်ရှိနေကြောင်းမွန်လူသားချင်းစာနာထောက်ထားမှု အထောက်အကူပြု မဟာမိတ်အဖွဲ့က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ထွက်ပြေးတိမ်းရှောင်လာကြသူများသည် အစားအသောက်၊ ဆေးဝါးများအပြင် အခြားသော အကူအညီများစွာ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများထံမှ သိရသည်။

“စစ်ဘေးရှောင်လာကြတဲ့လူတွေက အဓိက အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်တယ်။ နောက်တခြားသော နေဖို့ ထိုင်ဖို့တွေလည်း လိုအပ်ချက်ရှိတယ်” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်အတွင်း လှုပ်ရှားနေသည့် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်အာဏာရှင်တပ်အကြား သြဂုတ်လတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါးရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ရေဖြူမြို့နယ် တိုက်ပွဲတွင် ရာမညမွန်တပ်တော် (RMA)၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ (KTLA) ကြယ်လင်းရောင်တပ်ရင်း၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေး တပ်ဖွဲ့၊ ဒေါနတပ်ရင်း (၂) (YGF)၊ ဒေါနတပ်ရင်း (KBDF) စသည့် အပါအဝင် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပါဝင်တိုက်ခိုက်လျက်ရှိသည်။