မြိတ်မြို့နယ်၊ လသာကျေးရွာရှိ ပြည်ထောင်စုလမ်းပေါ်တွင် ကော့သောင်းမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ကုန်ကား တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့၊ ကားပိုင်ရှင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဩဂုတ် ၂၆ရက် ညနေ ၄နာရီခန့်တွင် ဆိုင်ကယ်အသစ်ရှစ်စီးနှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ခြောက်ဘီးတပ် ကုန်တင်မှန်လုံကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးပြီးမီးရှို့ကြောင်း ကားပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ရွှေသာရီယာဉ်လိုင်းက ကားနှစ်စီး မောင်းနှင်လာချိန် ပထမဆုံး ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးစစ်ဆေးခဲ့ပြီးနောက် အနီးဝန်းကျင်တွင် ရပ်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။
ရွှေသာရီယာဉ်လိုင်းက ဒုတိယ ကားတစ်စီး ထပ်မံရောက်ရှိလာချိန်တွင် စစ်ဆေးပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ကားပေါ်လိုက်ပါလာသူ သုံးဦးကို ကားပေါ်က ဆင်းခိုင်းကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။
အဆိုပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် သုံးဦးကို ပထမဆုံးကားဖြင့် လိုက်ပါစေပြီး ဒုတိယ ကားကို မီးရှို့ဖျက်ဆီးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကားမှာက ကုန်ပစ္စည်းနဲ့ ဆိုင်ကယ် ၈စီးပါတယ်။ အဲဒီဟာတွေက သူတို့ဆွဲချပြီး ယူထားခဲ့တယ်။ လမ်းမှာ စားဖို့ ဂိတ်ကြေးပေးဖို့ (ပါတဲ့) ငွေနဲ့ ဖုန်း သုံးလုံးလည်း သိမ်းထားခဲ့တယ်။ (ဒုတိယကားကို) စစ်မေးပြီး (သူတို့စောင့်နေတာ) အဲဒီကားပဲဆိုပြီး (ကားပေါ်ပါသူတွေကို) အရှေ့ကားနဲ့ လိုက်ခိုင်းလိုက်တယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။
ထိုကားပေါ် ပါလာသည့် ဆိုင်ကယ် ရှစ်စီးမှာ ကော့သောင်းမှ မြိတ်သို့ ပို့ဆောင်မည့် ဆိုင်ကယ်များဖြစ်ပြီး မာမား၊ အချိုရည်ကဲ့သို့ စားသောက်ကုန်များမှာ ပိုင်ရှင် ၃၀ ဦးခန့် ပိုင်ဆိုင်သည့်ပစ္စည်းများဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကုန်ပစ္စည်းနဲ့ ဆိုင်ကယ်ကို ဆွဲချ (သိမ်းယူ) ပြီး ကားကိုတော့ မီးရှို့လိုက်တယ်။ လမ်းမကြီးမှာပဲ ရှို့ပစ်လိုက်တယ်” ဟု ကားပိုင်ရှင်နှင့် နီးစပ်သူ အခြားတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ပစ္စည်းသိမ်းပြီး ကားကိုမီးရှို့ဖျက်ဆီးခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့က LPDF အဖြစ်ရပ်တည်နေသည့် ကိုနောင်ကင်း စစ်ကြောင်းဖြစ်ကြောင်း ကားပိုင်ရှင်နှင့် နီးစပ်သူအချို့နှင့် ဒေသခံအချို့က ပြောဆိုသည်။
ကိုနောင်ကင်းစစ်ကြောင်းတာဝန်ရှိသူ ကိုနောင်ကင်းကမူ အဆိုပါကားမှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင် ကိုနိုင်လင်းစိုး ၏ ကားဖြစ်သည်ဟု သတင်းအရစောင့်ဆိုင်၍ စစ်ဆေးခဲ့ကြောင်း Dawei Watch ကို ပြောသည်။
ထိုသို့စစ်ဆေးရာတွင် စရဖတပ်ဖွဲ့ဝင် ကိုနိုင်လင်းစိုးနှင့် ဆက်နွယ်နေသည့် ကားဖြစ်နေသည်ဟု စစ်ဆေးတွေ့ရှိသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကားက မီးရှို့လိုက်တယ်။ ဆိုင်ကယ်တွေလည်း စရဖနဲ့ မကင်းလို့ သိမ်းထားခဲ့တယ်။ ကုန်ပစ္စည်းတွေက ရွာသားတွေကို ခေါ်ပေးလိုက်တယ်။ သူတို့ (စစ်အာဏာရှင်) နဲ့ ပတ်သက်နေလို့ လုပ်ဆောင်တာပါ” ဟု ကိုနော်ကင်းက ပြောဆိုသည်။
ကားပိုင်ရှင်နှင့် နီးစပ်သူကမူ ကားမှာ စရဖ တပ်ဖွဲ့ဝင်၏ ကားမဟုတ်ဘဲ အရပ်သားပိုင်ကားသာ ဖြစ်ကြောင်း ပြောသည်။
ထိုသို့ မီးရှို့ဖျက်ဆီးပြီးနောက် ယင်းနေ့ ညနေ ၆နာရီဝန်းကျင်တွင် တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်စခန်းက လသာရွာနှင့် တုံးဗျောရွာဟောင်းဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။