တနင်္သာရီမြို့နယ်၊ တားပလပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားသဖြင့် ပြည်ထောင်စုကားလမ်း ပိတ်သွားကြောင်း ခရီးသည်များနှင့် ကားသမားအချို့ထံမှ သိရသည်။
ယနေ့ ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွား ပြီးနောက် မြိတ်-ဘုတ်ပြင်းလမ်းပိုင်းတွင် ခရီးသွားကားများ ပိတ်မိနေကြောင်း ခရီးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။
“ခရီးသည်တွေလည်း တအား(အရမ်း) အရေးကြီးမှ ခရီးသွားကြပါ။ အခုအချိန်မှာ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” ဟု လမ်းတွင်ပိတ်မိနေသည့် အထက်ပါခရီးသည်က ပြောသည်။
မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်သားများက ယနေ့နံနက်တွင် စစ်ကြောင်း ထိုးလာသည့်အတွက် တားပလပ်ရွာနှင့် သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ညအချိန်အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြားပစ်ခတ်ကြောင်း ၎င်းက ပြောဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
တိုက်ပွဲဖြစ်နေသဖြင့် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ အချင်းချင်းသတိပေးမှုကြောင့် ရောက်နေသည့် ကျေးရွာတွင် ကားများရပ်နားထားကြကြောင်း ကားမောင်းသမားအချို့က ဆိုသည်။
“ကားလမ်းပိတ်ပြီဆိုတာနဲ့ ဆက်မသွားတော့တာ အကောင်းဆုံးပဲ။ ကျွန်တော်လည်း ရောက်တဲ့နေရာမှာပဲ ရပ်နားထားတယ်။ တိုက်ပွဲဖြစ်တဲ့ ဧရိယာနဲ့နီးလေ အန္တရာယ်ပိုများလေပဲ။ ခရီးရောက်ချင်ဇောနဲ့ ရှေ့ဆက်သွားတာမျိုးတွေ မလုပ်စေချင်ဘူး” ဟု မြိတ်နှင့် ဘုတ်ပြင်းပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
တားပလပ်ကျေးရွာ အနီးဝန်းကျင်မှစ၍ ဘုတ်ပြင်းမြို့နယ် ထင်းမယ်ကျေးရွာအထိ ခရီးသည်တင်ကားများနှင့် ကုန်ကားများ ရပ်နားထားကြသည်ကိုတွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
Dawei Watch ၏ စုံစမ်းချက်အရ ယနေ့ ည ၇ နာရီဝန်းကျင်အထိ ကားများဖြတ်သန်း၍မရဘဲ လမ်းပိတ်နေဆဲဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလမ်းပေါ်ရှိ မြိတ်-ပုလောလမ်းပိုင်းကိုလည်း ဇူလိုင်လ ၂၅ နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။