BREAKING
October 20, 2025

ထိုင်း-ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်‌ရန် နှစ်နိုင်ငံသဘောတူ

July 28, 2025

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ချက်ချင်းခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဦးဆောင်၍ ယနေ့ (ဇူလိုင်လ ၂၈)ပြုလုပ်သည့် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်များက သဘောတူလိုက်ခြင်းဖြစ်ကြောင်း သတင်းစာရှင်လင်းပွဲတွင် ကြေညာခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်တို့နှစ်ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အပြန်အလှန် သဘောတူလိုက်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်ပွဲတွင် ပြောကြားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက် က ယခုညမှစ၍ ပစ်ခတ်မှုများ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောသည်။

အပစ်ရပ်စဲရေး သဘောတူညီချက်သည် လာမည့် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီမှစ၍ အသက်ဝင်မည်ဖြစ်ကြောင်းလည်း ကြေညာသည်။

ယခုသဘောတူညီချက်သည် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရရှိရန် ပထမခြေလှမ်းဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောသည်။

ဆွေးနွေးပွဲတွင် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုက ကိုယ်စာလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၄ ရက်နေ့က စတင်ခဲ့သော နှစ်နိုင်ငံ နယ်စပ်အနီး ပစ်ခတ်မှုများတွင် ထိုင်းဘက်က ပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားဘက်က ပြည်သူ ၁၃ ဦး သေဆုံးခဲ့သည်။

ပစ်ခတ်မှုများကြောင့်နှစ်နိုင်ငံစလုံးက ပြည်သူ ၃ သိန်းခန့် စစ်ဘေးရှောင်နေရကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khaosod English, BBC