BREAKING
October 20, 2025

မြိတ်-ပုလော ကားလမ်းပိတ်ထား၍ ပြေးဆွဲနေသောအမြန်ရေယာဉ်များ စစ်ကောင်စီ ဖိအားပေး၍ အချို့ဖျက်သိမ်း

July 28, 2025

ပုံစာ - မြိတ် - ကျွန်းစု - တနင်္သာရီပြေးဆွဲနေသည့် အမြန်ရေယာဉ်များ။(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

မြိတ်-ပုလော လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများပြင်းထန်နေသဖြင့် ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားချိန် ရေကြောင်းကပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်ခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းလိုက်ရကြောင်း ခရီးသည်အချို့နှင့် အမြန်ရေယာဉ် ပြေးဆွဲနေသူအချို့ထံမှ သိရသည်။

တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကြည်း၊ရေ၊လေ အသုံးပြုကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အတွက် မြိတ်-ပုလော လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)က ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုကြောင့် ကော့သောင်း-မြိတ်-ထားဝယ်သွားမည့် ခရီးသည်များကို ဇူလိုင်လ ၂၄ ရက်မှစကာ အမြန်ရေယာဉ်များဖြင့် ပြေးဆွဲနေရာက စစ်ကောင်စီ၏ စစ်ဆေးခြိမ်းခြောက်မှုများကြောင့် ဇူလိုင်လ ၂၆ ရက်နေ့မှစကာ ခရီးစဉ်ရပ်နားလိုက်ကြောင်း အမြန်ရေယာဉ်ပြေးဆွဲရန် စီစဉ်ပေးနေသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများက မည်ကဲ့သို့ စစ်ဆေးပြီး မည်သို့ ခြိမ်းခြောက်နေသည်ကိုမူ တိတိကျကျ ပြောဆိုခြင်းမရှိပေ။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ဇူလိုင်လ ၂၃ ရက်မှစကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျွန်တော်တို့က ကုန်းလမ်းပိတ်ရင် ရေလမ်းခရီးစဉ်တွေစီစဉ်ပေးတယ်။ ခရီးသည်တွေလည်း တအား(အရမ်း)ပဲ။ ပိတ်မိနေတယ်ဆိုတော့ သွားခေါ်ပေးတယ်။ဒါပေမဲ့ အခြေအနေတွေက အဆင်မပြေဘူးဗျာ။ ကျွန်တော်တို့လည်း မတတ်သာတဲ့အဆုံး ရပ်နားလိုက်ရတာပါ”ဟု အမြန်ရေယာဉ်ပြေးဆွဲရန် စီစဉ်ပေးနေသူက ပြောသည်။

မြိတ်-ပုလောသွားသည့် ပင်လယ်ရေလမ်းကြောင်းတစ်လျှောက်တွင် စစ်သင်္ဘောများ လှည့်ပတ်သွားလာနေပြီး ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိကြောင်း ခရီးသည်အချို့က ပြောဆိုကြသည်။

“ရေကြောင်းကနေ စစ်ရှောင်တွေ၊ ခရီးသည်တွေ သွားနေတာ PDF တွေ ပါတယ်။ ဘာညာအထင်နဲ့ အစစ်အဆေးတင်းကျပ်နေတယ်။ တော်တော်ယုတ်မာတယ်”ဟု ခရီးသည်တစ်ဦးက ပြောသည်။

လက်ရှိတွင် အမြန်ရေယာဉ်များအစား သစ်သားလှေများဖြင့် ပြေးဆွဲနေသူအချို့ရှိပြီး ကောက်ခံသည့်နှုန်းထားကို မသိရသေးပေ။