BREAKING
October 19, 2025

တနင်္သာရီမြစ်ရေ ဆက်တက်နေပြီး လယ်ကွက်များရေမြုပ်နေသဖြင့် တောင်သူများစိုးရိမ်

July 28, 2025

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသဖြင့် တနင်္သာရီမြစ်ရေများ ဆက်တက်လာပြီး တနင်္သာရီမြို့နယ်အတွင်းရှိ လယ်ကွက်များ‌ရေမြုပ်နေသဖြင့် တောင်သူလယ်သမားများ စိုးရိမ်နေရကြောင်း ‌ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းနေသဖြင့် တနင်္သာရီမြစ်‌‌‌‌‌ရေစတက်လာပြီး စပါးစိုက်ထားသည့် လယ်ကွက်များရေမြုပ်‌နေသည်မှာ ၈ ရက်ခန့်ရှိလာသည့်အတွက် စပါးပင်များ မဖြစ်ထွန်းမည်ကို စိုးရိမ်နေကြောင်း လယ်သမားအချို့က ဆိုသည်။

“စိုက်ပြီးသားစပါးခင်းတွေက ရေပြင်ကြီးဖြစ်ကုန်ပြီ။တစ်လခွဲ နှစ်လသား အရွယ်တွေ နောက်ထပ်ငါးရက်လောက် ထပ်မြုပ်ရင် သေနိုင်တယ်။ စိုးရိမ်နေရတာ အတိုင်းထက်အလွန်ပဲ”ဟု မော်တုန်းရွာနေ လယ်သမားတစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင် ၂၈ ရက်) တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ပြီး ၁၈ ပေ ဝန်းကျင်တွင်ရှိနေကြောင်း တနင်္သာရီမြို့ခံအချို့ထံမှ သိရသည်။

ထိုကြောင့် ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ လယ်ကွင်းအချို့၊ပဝကျေးရွာအုပ်စု၊ သရဖုံကျေးရွာအုပ်စုနှင့် မော်တုန်းကျေးရွာရှိ လယ်ဧက ၃၀၀ ကျော်ရေနစ်မြုပ်နေကြောင်း ညောင်ပင်ကွင်းရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“လယ်တွေကအကုန်နီးပါး မြုပ်နေတယ်။ မြင့်တဲ့နေရာက နည်းနည်းပဲကျန်တော့တယ်။ ရေပြန်လျှော့(ကျ)တာ နှေးရင် (စပါးပင်)သေနိုင်တယ်”ဟု ၎င်းက ပြောသည်။

စပါးခင်းများ နှစ်ပတ်အကြာ ရေမြုပ်ပါက စပါးပင်များပုပ်၍သေသွားလေ့ပြီး ရှင်ကျန်ခဲ့သည့် စပါးပင်များရှိပါကလည်း မဖြစ်ထွန်းတော့ကြောင်း မော်တုန်းရွာနေ လယ်သမားတစ်ဦးက ဆိုသည်။

စပါးခင်းများ ရေမြုပ်ပြီး စပါးပင်များသေဆုံးသွားပါက နောက်တစ်ကြိမ်ပြန်လည် စိုက်ပျိုးရသည့်အတွက် ကုန်ကျစရိတ်များပြားသည့်အတွက် လယ်သမားများက စိုးရိမ်နေကြခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇူလိုင်လ ၂၃ရက်မှစကာ ရေစတက်လာသည့်အတွက် လမ်း၊တံတားအချို့ ရေမြုပ်နေသဖြင့် လှေဖြင့်သွားလာနေရကြောင်း ‌ဒေသခံများထံမှ သိရသည်။