BREAKING
October 20, 2025

ရှောင်လင်ကျောင်းတော်၏ အကြီးအကဲကို ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေး

July 28, 2025

ဓာတ်ပုံ - AFP/Peter Park

ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် တရုတ်ရှောင်လင်ဘုန်းကြီးကျောင်း၏ အကြီးအကဲကို ဘုရားကျောင်းပိုင်ပစ္စည်းနှင့် ရန်ပုံ‌ငွေများကို အလွဲသုံးစားပြုမှုအပါအဝင် ရာဇဝတ်ပြစ်မှုများဖြင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဇူလိုင်လ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အသက် ၆၀ အရွယ် ရှောင်လင်ဘုန်းကြီး Shi Yongxin သည် အမျိုးသမီးအများအပြားနှင့် မဖွယ်မရာ ဆက်ဆံရေးရှိခဲ့ပြီး တရားမဝင် သားသမီးများစွာ ရရှိထားကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ၎င်းအား စွပ်စွဲထားသည်။

၎င်းနှင့် ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို အများပြည်သူထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ဆိုသည်။

လက်ရှိတွင် ဘုန်းတော်ကြီး Shi အား ဌာနပေါင်းစုံက ပူးတွဲစုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဘုရားကျောင်းတာဝန်ရှိသူများက ပြောဆိုသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က စတင်တည်ထောင်ခဲ့သည့် ရှောင်လင်ကျောင်းတော်သည် ဇင်ဗုဒ္ဓဘာသာ စတင်မွေးဖွားပေါ်ပေါက်ခဲ့ရာ နေရာဖြစ်ပြီး ရှောင်လင်ကွန်ဖူးသိုင်းပညာ စတင်ခဲ့ရာ နေရာလည်း ဖြစ်သည်။

ဘုန်းတော်ကြီး Shi သည် ၁၉၉၀ ပြည့်နှစ်တွင် ရှောင်လင်ကျောင်းတော်၏ အကြီးအကဲဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ၏ နာမည်အကျော်ကြားဆုံး ဘုန်းတော်ကြီးများအနက် တစ်ပါးအပါအဝင် ဖြစ်သည်။

MBA ဘွဲ့ရထားသည့် ဘုန်းတော်ကြီး Shi သည် ရှောင်လင်ကျောင်းတော်၏ အမွေအနှစ်နှင့် အရှိန်အဝါကို စီးပွားရေးပုံစံ အလွန်အကျွံသွင်းမှုကြောင့် “စီအီးအို ဘုန်းကြီး” ဟု နာမည်ပြောင်ပေးခံရသူ ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ခရီးသွားလုပ်ငန်းအပေါ် ၎င်း၏အကျိုးပြုမှုကြောင့် အာဏာပိုင်များက ၎င်းအား ဇိမ်ခံကားတစ်စီး ချီးမြှင့်မှုကို လက်ခံခဲ့သည့်အတွက် ဘုန်းတော်ကြီး Shi သည် ဝေဖန်ခံခဲ့ရသည်။

Source: South China Morning Post