BREAKING
October 20, 2025

ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူ ၆ ဦးအထိရှိလာ

July 28, 2025

ဓာတ်ပုံ – Thai PBS

ထားဝယ်ဒေသခံအများစု အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အော်တော်ကော်ဈေးပစ်ခတ်မှုတွင် သေနတ်သမားက ကိုယ့်ကိုယ်ကိုပြန်ပစ်ကာ အဆုံးစီရင်သွားပြီးနောက် သေဆုံးသူ ၆ ဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ နေ့လယ် ၁၂ နာရီခန့်က သေနတ်ကိုင်ထားသူတစ်ဦးက အော်တော်ကော်ဈေးထဲသို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ပစ်ခတ်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင် ၃ ဦးနှင့် ဈေးသည်အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့သည်။

နောက်ထပ် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သေဆုံးခဲ့သည်။

သေနတ်သမားသည် အသက် ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး ဈေးထဲက ထိုင်ခုံတန်းပေါ်တွင် ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပြန်ပစ်၍ အဆုံးစီရင်ခဲ့ကြောင်း ဖော်ပြထားသည်။

သေနတ်ပစ်ခတ်မှုကြောင့် အော်တော်ကော်ဈေးတွင် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများအပါအဝင် ဈေးသူဈေးသားအားလုံး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရသည်။

အော်တော်ကော်ဈေးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချာတူးချက်နယ်မြေတွင် တည်ရှိပြီး ထားဝယ်ဒေသခံများအပါအဝင် မြန်မာနိုင်ငံသားအများစု အလုပ်လုပ်ကိုင်နေသော ဈေးတစ်ခုဖြစ်သည်။

Ref: Khaosod, Thairath