BREAKING
October 31, 2025

ကော့သောင်းတွင် WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်လာဟုဆို

July 28, 2025

ပုံစာ-ကော့သောင်းမြို့တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းခရိုင်တွင် WY စိတ်ကြွဆေး စျေးပေါပြီး ဝယ်ရလွယ်ကူလာကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာမသိမ်းမီက ကော့သောင်းခရိုင်တွင် WY စိတ်ကြွဆေးတစ်ပြားလျှင် ထိုင်းငွေဘတ် ၁၀၀ ဝန်းကျင် ပေါက်ဈေး ရှိရာက လက်ရှိတွင် ဘတ် ၁၀ သာ ဈေးရှိတော့ကြောင်း ၎င်းတို့က ပြောသည်။

ထိုသို့ ဈေးပေါလာသည့်အပြင် အလွယ်တကူ ဝယ်ယူရရှိနေသည့်အတွက် သုံးစွဲသူလည်း များလာကြောင်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ခံတစ်ဦးက ဆိုသည်။

“ကျောင်းသားကအစ အကုန်သုံးတတ်နေပြီ။ ဝယ်ရတာလည်း လွယ်တာကိုး” ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ WY စိတ်ကြွေဆေးသုံးစွဲရောင်းချမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသော်လည်း စစ်ကောင်စီက ထိထိရောက်ရောက် ဖမ်းဆီးခြင်း မရှိကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။

“သူတို့ဝင်ဖမ်းရင်လည်း ရှူ (သုံး) နေတဲ့ ကလေးတွေကို ဟန်ပြ ဝင်ဖမ်းပြတယ်။ ရောင်းနေတဲ့ ခေါင်းကြီးပိုင်း (ဒိုင်) တွေနဲ့ ကျတော့ ဆက်ဆံရေး အဆင်ပြေနေရောပဲ။ ပင်လယ်ရေလုပ်သားတွေနေတဲ့ နေရာတွေမှာပိုပေါတယ်” ဟု ၎င်းက ပြောသည်။

ကော့သောင်းမြို့ခံ အခြားတစ်ဦးကလည်း အာဏာသိမ်းပြီးနောက်ပိုင်း WY စိတ်ကြွဆေးကို ရောင်းချသူပိုများလာကြောင်း ပြောဆိုသည်။

“အရင် (အာဏာမသိမ်းမီ) ကဆို မြင်းဆေး (WY) ဝယ်ရင် ခိုးကြောင်ခိုးဝှက်ဝယ်ကြတယ်။ အခုက ပေါ်ပေါ်ထင်ထင်ပဲ။ ဘယ်သူမှ လာမဝေဖန်ရဲဘူး” ဟု ၎င်းက ပြောသည်။

ကော့သောင်း အပါအဝင် ဘုတ်ပြင်း၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တွင်လည်း မှုးယစ်ဆေးဝါးကို တွင်တွင်ကျယ်ကျယ် ရောင်းဝယ်နေကြပြီး စစ်ကောင်စီက ထိထိရောက်ရောက်အရေးယူ‌ခြင်းမရှိ‌ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကော့သောင်းဒေသတွင် WY စိတ်ကြွေဆေးအပြင် ရေခဲ (ICE) မူးယစ်ဆေးနှင့် ကော်ရှူသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မလုပ်ကြ ရန်နှင့် တိုင်ကြားမှုများရှိလာပါက ထိထိ‌ရောက်ရောက် အရေးယူမည်ဟု ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။