BREAKING
October 20, 2025

ကလိန်အောင်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းဆီး

July 28, 2025

ပုံစာ - ကလိန်အောင်မြို့ ထွေအုပ်ရုံး (ပုံဟောင်း)။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ် (၁) နှင့် (၃) ရပ်ကွက်တို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို ရေး-ထားဝယ် လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖမ်းဆီးခဲ့ကြောင်း ကလိန်အောင်မြို့ခံများနှင့် တော်လှန်ရေးအင်အားစုအချို့ထံမှ သိရသည်။

ဇူလိုင်လ ၂၄ရက်တွင် ကလိန်အောင်မြို့မှ ရေဖြူမြို့ဘက်သို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုး၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်သိန်းတို့ ရုံးကိစ္စအတွက် ကားဖြင့်လာစဥ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက စစ်ဆေးခဲ့ကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။

ယင်းအနက် နှစ်ဦးကို ဖမ်းဆီးပြီး အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ဦးကြည်စိုးနဲ့ ဦးမြင့်ဦးကတော့ ဒီနေ့အထိ အဆက်အသွယ် ပြန်မရသေးဘူး” ဟု ကလိန်အောင်မြို့က ရပ်မိရပ်ဖတစ်ဦးက ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြောသည်။

အုပ်ချုပ်ရေးမှူးနှစ်ဦး အဖမ်းခံရမှုနှင့်ပတ်သက်၍ ရေဖြူမြို့နယ် ပူးပေါင်း (တော်လှန်ရေး) မဟာမိတ်တွင် ပါဝင်သည့် တပ်ဖွဲ့ နှစ်ခုအား ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စအား သိရှိထားသော်လည်း လတ်တလောတွင် ထုတ်ဖော်ပြောဆိုရန် အစီအစဥ် မရှိသေးကြောင်း ဖြေကြားကြသည်။

ရေဖြူမြို့နယ် ပူးပေါင်းမဟာမိတ်တွင် ပါဝင်သည့် တပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးကမူ “ဖမ်းထားတာကတော့ ကျွန်တော်တို့အဖွဲ့ မဟုတ်ဘူး။ ထိန်းသိမ်းထားတဲ့အဖွဲ့ကိုတော့ သိတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့ မထုတ်ပြန်သေးတော့ ပြောလို့ မရသေးဘူး” ဟု ပြောသည်။

အဖမ်းခံရထားရသည့် အုပ်ချုပ်ရေးမှူး နှစ်ဦးအနက် ဦးမြင့်ဦးသည် ပြီးခဲ့သည့်နှစ်ကလည်း ကလိန်အောင် – ရေဖြူလမ်းပိုင်း တွင် တော်လှန်ရေးတပ်များ စစ်ဆေးစဥ် ဖမ်းမိခဲ့ပြီး ခံဝန်ထိုး၍ ပြန်လွှတ်ပေးဖူးသူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဦးမြင့်ဦးသည် ဆေးပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီးထားသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့်ပတ်သက်၍ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့က ယနေ့ ဇူလိုင်လ ၂၈ရက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မတွေ့ရသေးပေ။ မည်သည့်တပ်ဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်တို့ကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ကလိန်အောင်မြို့သည် မွန်ပြည်နယ်၊ ရေးမြို့ဘက်ကလာလျှင် တနင်္သာရီတိုင်း အဝင်မြို့ဖြစ်ပြီး ရပ်ကွက်လေးခုဖြင့် ဖွဲ့စည်းထားသည့် ရေး-ထားဝယ် ကားလမ်းပေါ်ရှိ မြို့တစ်မြို့ဖြစ်သည်။