ထားဝယ်ဒေသခံအများစု အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အော်တော်ကော်ဈေးတွင် ယနေ့ နေ့လယ်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေး ၄ ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများနှင့် ဈေးတွင် လုပ်ကိုင်နေသော ထားဝယ်ဒေသခံများထံမှ သိရသည်။
ယနေ့ နေ့လယ် ၁၂ နာရီခန့်က သေနတ်ကိုင်ထားသူတစ်ဦးက ဈေးထဲသို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး ဈေးတွင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရကြောင်း ဈေးရှိထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
“တစ်ဈေးလုံး ပတ်လိုက်ပစ်နေလို့တဲ့။ ကျွန်မတို့ ပတ်ပြီးတော့ ပြေးနေရတယ်” ဟု အော်တော်ကော်ဈေးတွင် လုပ်ကိုင်နေသော ထားဝယ်ဒေသခံက ဆိုသည်။
သေနတ်ပစ်ခတ်မှုကြောင့် ဈေးရှိလုံခြုံရေး ၄ ဦး ထိခိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။


သေဆုံးသူ ၆ ဦးအထိရှိပြီဟု သတင်းထွက်နေသော်လည်း Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သေနတ်ကိုင်ဆောင်ထားသူသည် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး ဘောင်းဘီတိုနှင့်အတူ စစ်တပ်သုံးကျောပိုးအိတ်ကို လွယ်ထားကြောင်း သိရသည်။
နေ့လယ် ၁ နာရီခွဲခန့်တွင် သေနတ်ပစ်ခတ်သူကို သေဆုံးလျက် တွေ့ရပြီး မိမိကိုယ်ကို အဆုံးစီရင်ထားသည်ဟု ကနဦး ယူဆရကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
အော်တော်ကော်ဈေးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချာတူးချက်နယ်မြေတွင် တည်ရှိပြီး ထားဝယ်ဒေသခံများအပါအဝင် မြန်မာနိုင်ငံသားအများစု အလုပ်လုပ်ကိုင်နေသော ဈေးတစ်ခုဖြစ်သည်။
Ref: Khaosod English, PPTV