BREAKING
October 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

June 28, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ

နောင်ချိုကို စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင်

Photo – AP

ရှမ်းမြောက်မှာ တအာင်းတပ် တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က အင်အားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

နောင်ချိုမြို့ဟာ ပြင်ဦးလွင်ကနေ မန္တလေးအထိ စစ်ရေးအရ ထိန်းချုပ်ဖို့ အရေးပါတဲ့နေရာမှာရှိသလို တအာင်းတပ် သိမ်းယူထားတဲ့ ကျောက်မဲ၊ သီပေါ စတဲ့မြို့နယ်တွေအတွက်လည်း အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။

ပြင်ဦးလွင်ကိုစစ်ရေးအရ ထိန်းချုပ်ဖို့အရေးပါပြီး နောင်ချိုမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာ တည်ရှိတဲ့ တောင်ခမ်းကို တအာင်းတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ အပြီးသတ်မသိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အင်အား ပြန်ဖြည့်ပြီး ဇွန်လဆန်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာသလို လေကြောင်းကနေလည်း တရစပ် တိုက်ခိုက်နေတယ်လို့ တအာင်းတပ်ဘက်က ဆိုပါတယ်။ အခုသီတင်းပတ်အတွင်း လေယာဉ်၊ ဒရုန်းတွေနဲ့ တစ်ရက်တည်းကို ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချတိုက်ခိုက်နေတာလို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နောင်ချိုကို ထိုးစစ်ဆင်ရာမှာ စစ်မှုထမ်း သင်တန်းဆင်းတွေ အများအပြား အသုံးပြုနေတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီနဲ့ တအာင်းတပ်တို့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဧပြီလတွေမှာနှစ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် ရလဒ် မထွက်ခဲ့ပါဘူး။ အဲဒီနောက် စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ တအာင်းတပ်ဘက်က ပြောဆိုထားပါတယ်။ နောက်တစ်ကြိမ် ဩဂုတ်လမှာ ဆွေးနွေးမှာဖြစ်ပြီး အဲဒီဆွေးနွေးမှု မတိုင်ခင် စစ်ကောင်စီက စစ်ရေးအရ ပိုမိုဖိအားပေးလာဖို့ ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

……………………………………..

စစ်ကောင်စီတပ် ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာတယ်လို့ HRW ပြော

ပုံစာ – စစ်ကောင်စီ စစ်မှုထမ်းသင်တန်းသားများ (ပုံဟောင်း) Photo – MOI

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ကလေးစစ်သားစုဆောင်းအသုံးပြုမှု မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ၂၀ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် အသက် ၁၂နှစ်အောက် ကလေးစစ်သားစုဆောင်းမှုဖြစ်စဉ် ၁၈၀၀ ကို ကုလသမဂ္ဂက စိစစ် အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေအပေါ်  ချိုးဖောက်တဲ့ ကျူးလွန်မှု နှစ်ထောင်ကျော် ကိုလည်း စစ်ဆေးနိုင်ခဲ့ပြီး နောက်ထပ်အမှု ၁၂၀၀ ကျော်ကတော့ စိစစ်မှုဆိုင်းငံ့ထားတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ကလေးငယ်တွေ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့တာအပြင် လမ်းပြအဖြစ် အသုံးပြုတာ၊ ပေါ်တာဆွဲတာ၊ တစ်ခါတစ်ရံ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ရှိနေတယ်လို့ HRW က ဆိုပါတယ်။ အခုလို စစ်သားစုဆောင်းနေတာတွေကို ချက်ချင်းရပ်တန့်ဖို့လည်း ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ် စစ်အင်အားဆုံးရှုံးမှုများပြီး နယ်မြေတွေလက်လွှတ်ဆုံးရှုံးရတာကလည်း ကလေးငယ်စစ်သား စုဆောင်းဖို့ တွန်းအားဖြစ်လာတယ်လို့ ဖော်ပြပါတယ်။ ရှေ့တန်းကထွက်ပြေးလာသူတွေ၊ ဖမ်းမိသူတွေမှာ ကလေးစစ်သားတွေပါဝင်တာ ကို တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောဆိုထားတယ်လို့လည်း HRWရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

……………………………………..

နေပြည်တော်မှာ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပ၊ တိုက်နေတဲ့အဖွဲ့တွေ မပါ

Photo – MOI

စစ်ကောင်စီက နေပြည်တော်မှာ ငြိမ်းချမ်းရေးဖိုရမ်ကို သုံးရက်ကြာကျင်းပခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ တိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေတော့ တက်ရောက်တာ မရှိခဲ့ပါဘူး။

ငြိမ်းချမ်းရေးဖိုရမ်ကို ဇွန်လ ၂၅ရက်ကနေ ဇွန်လ ၂၇ ရက်အထိ ကျင်းပခဲ့တာပါ။ အဲဒီဖိုရမ်ကို နိုင်ငံတကာ သံတမန်တချို့၊ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့တချို့နဲ့ NCA လက်မှတ် မထိုးထားသေးတဲ့ လက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့တွေ၊ လေ့လာစောင့်ကြည့်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပမယ့်အကြောင်းအဓိက အသားပေးပြောခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကိုလည်း လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်း ကနေ တစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းလမ်းဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကိုလည်း မဲအများဆုံးရသူ အနိုင်ယူစနစ် အပြင် အချိုးကျကိုယ်စားပြုစနစ်ကိုလည်း တွဲဖက်အသုံးပြု သွားမယ်လို့ ဆိုပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ တိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေဆွေးနွေးတာ တွေဟာ ရွေးကောက်ပွဲအလွန်မှာပဲ ဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ်နဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG တို့ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာ မရှိသေးပါဘူး။

……………………………………..

မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်မီးရှို့

ပုံစာ – ဗိုလ်တထောင်ရွာ ဇွန်လ ၂၃ ရက်က မီးရှို့ခံထားရဖြစ်ပါတယ်။ Photo – Min Hla Thadin

ပဲခူးတိုင်း မင်းလှမြို့နယ်ထဲက ကျေးရွာ ခုနစ်ရွာထက်မနည်းကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ဇွန်လလယ်မှာ ရန်ကုန်-ပြည် ကားလမ်းပေါ်က အရေးပါတဲ့ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် PDF က ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီးနှစ်ဦးနဲ့ အရာရှိတွေအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖက ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာပြီး ခွက်မ၊ ကံ့ကော်ပင်၊ ဆားချောင်း၊ ငလှစမ်း၊ ဗိုလ်တထောင်၊ စမ်းဘုတ်၊ ကျွဲမကိုင်း အပါအဝင် ကျေးရွာတွေမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီး တာ၊ ပစ္စည်းယူဆောင်တာတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၄၀​ လောက်က ဒေသခံပြည်သူတွေ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီတန်ပြန် စစ်ကြောင်းထိုးရာမှာ PDF စခန်းချနေတဲ့ နေရာတစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် ငါးဦး သေဆုံးခဲ့ပါတယ်။

ကရင်နီ (ကယားပြည်) ဖယ်ခုံမြို့နယ်အရှေ့ခြမ်းက ဆောင်းနန်းခဲရွာကိုလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO တို့ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေ ဆုတ်ခွာပြီးနောက် ဇွန်လ ၂၄ရက်မှာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

……………………………………..

စစ်ကောင်စီ အသုံးပြုမယ့် Y-8 လေယာဉ်အသစ်နှစ်စင်း ကူမင်းမှာတွေ့

Photo – Myanmar Witness

မြန်မာစစ်ကောင်စီတပ်က မကြာခင် အသုံးပြုမယ်လို့ယူဆရတဲ့ Y-8 နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်အသစ်နှစ်စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာတွေ့ရတယ်လို့ Myanmar Witness က ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

တပ်မတော်(လေ) လို့ ရေးထိုးထားတဲ့ လေယာဉ်နှစ်စင်းကို ရှာဖွေတွေ့ရှိထားတာဖြစ်ပြီး လေယာဉ် အမြီးပိုင်းမှာ ရေးသားထားတဲ့ နံပါတ်တွေကလည်း စစ်ကောင်စီတပ်မှာ အရင်က မရှိသေးတဲ့ နံပါတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ Y-8 လေယာဉ်တွေကို ပြည်တွင်းစစ်ရေးပဋိပက္ခတွေမှာ သယ်ယူပို့ဆောင်ရေးအပြင် ဗုံးကြဲတိုက်ခိုက်ရေးတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။

……………………………………..