ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သေနတ်ဒဏ်ရာဖြင့်သေဆုံးသော ကညုံကျွန်းရွာသားအလောင်းထပ်တွေ့၊ သေဆုံးသူ သုံးဦးရှိလာ

June 28, 2025

စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် လောင်းလုံးမြို့နယ် ကညုံကျွန်းရွာရှိ လယ်ကွက်ထဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြောင်း ရွာသားအချို့က ပြောသည်။

သေဆုံးနေသူမှာ ကညုံကျွန်းရွာသား အသက် ၄၇ နှစ်အရွယ် ဦးခင်မောင်ဝင်းဖြစ်ပြီး အကြားအာရုံချို့တဲ့သူဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။

ကညုံကျွန်းရွာတွင် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးသပိတ်လှုပ်ရှားမှုကော်မတီ (ထားဝယ်ခရိုင်) DDMSC ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

“သူက နားမကြားဘူး။ အရင်က နားမှာ စက်တပ်ထားရတယ်။ လယ်ထဲဆင်းတဲ့အချိန်မှာ စက်ကိုဖြုတ်ပြီးပဲ ထားခဲ့သလား မသိဘူး။ အဝေးကခေါ်တာလဲ ကြားချင်မှကြားမယ်။ စစ်တပ်က သူတို့ခေါ်တာ မလာလို့ဘဲ ပစ်လိုက်တာလားမသိဘူး” ဟု ၎င်းက ပြောသည်။

ဦးခင်မောင်ဝင်း၏ ရုပ်အလောင်းအား ကညုံကျွန်းရွာတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ပြန်သွားပြီး သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဒေသခံများက ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ရုပ်အလောင်းပြန်တွေ့ချိန်တွင် ပုပ်ပွနေပြီဖြစ်ပြီး ဝမ်းဗိုက်နံရိုးနံဘေးတွင် သေနတ်ဒဏ်ရာ တစ်ချက်တွေ့ရကြောင်း မျက်မြင်တွေရသူများက ဆိုသည်။

ရုပ်အလောင်းကို ပြန်လည်တွေ့ရှိသည့် ဇွန်လ ၂၇ ရက်တွင်ပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း ရွာသားများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းပြန်သွားချိန်တွင် စိတ်ဝေဒနာခံစားနေရသူ ကညုံကျွန်းရွာသား ဦးမျိုးဇော်အောင်နှင့် သဗျာရွာသား ဦးလှဝင်းတို့နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်အလောင်းစွန်ပစ်ခဲ့သေးသည်။

ယင်းအပြင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းက ဖိုးချေဟုခေါ်သော တပ်ဖွဲ့ဝင်တစ်ဦးကလည်း အသက် ၇၀ အရွယ် ကညုံကျွန်းရွာသူတစ်ဦးကို အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ကြောင်း ကာယကံရှင်က ထုတ်ဖော်ပြောဆိုထားသည်။