BREAKING
October 20, 2025

မြိတ်တွင် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းသွားပြီး သုံးရက်ကြာအထိ အဆက်သွယ်မရ

June 28, 2025

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ကျောင်းတက်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား ပြီး သုံးရက်ကြာသည်အထိ အဆက်သွယ်မရကြောင်း ဒေသခံအချို့အပါအဝင် မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၂၆ရက် နံနက်စောစော ၂နာရီခန့်တွင် တုံးဗျောကျေးရွာရှိ ကြက်မောက်သီးခြံတွင် ခြံစောင့်၍အိပ်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူတို့က ကျောင်းသားတွေပဲ။ ခြံမှာ သူခိုး ခိုးမှာကြောင့် စောင့်အိပ်နေကြတယ်။ လက်နက်ကိုင်အဖွဲ့တစ်ခုက လာဖမ်း သွားပြီး အခုအထိ အဆက်အသွယ်မရသေးဘူး” ဟု အထက်ပါနီးစပ်သူက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကျောင်းသားများမှာ အသက် ၁၇ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး တုံးဗျောရွာ အထက်တန်းကျောင်း တွင် Grade-10 တက်နေသူများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသည့် ကလေးတစ်ဦးသည် တုံးဗျောရွာရှိ ကျောင်းအုပ်ကြီး၏ သားဖြစ်ပြီး ကျန်နှစ်ဦးမှာ ပျူစောထီး၏ သားများ ဖြစ်ကြောင်း အထက်ပါဒေသခံက ပြောသည်။

“ဖမ်းသွားအဖွဲ့က ကလေးတစ်ယောက်ကို သိန်း ၃၅၀နဲ့ လာထုတ်ခိုင်းတယ်လို့ ကြားရတယ်။ ဘယ်လက်နက်ကိုင်က ဖမ်းသွားတယ်ဆိုတော့ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ ကျောင်းသားသုံးဦးမှာ ယနေ့ ဇွန်လ ၂၈ ရက် ညနေ ၃ နာရီခန့်အထိ အဆက်အသွယ် မရသေးကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

ပျူစောထီး၏ သားများဖြစ်သည်ဆိုသည့်ပြောဆိုချက်နှင့် ကလေးတစ်ဦးလျှင် ငွေကျပ်သိန်း ၃၅၀ဖြင့် ပြန်ရွေးခိုင်းသည် ဆိုသည့်ပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ Dawei Watch က ဆက်သွယ်မေးမြန်းရာ အဆိုပါ ကျောင်းသားများကို မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားမှန်း မသိရသေးကြောင်း ပြောဆိုသည်။

“ပျူစောထီးသား နှစ်ယောက်လို့ ပြောသံကြားတယ်။ ဘယ်အဖွဲ့ဖမ်းလဲ မသိဘူး” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

တုံးဗျောကျေးရွာတွင် ပျူစောထီးများရှိပြီး စစ်ကောင်စီတပ်စခန်း အခြေစိုက်ထားသည်။