ကော့သောင်းမြို့ ၊ ၁၀မိုင် ကျေးရွာအုပ်စု၊ ချမ်းဖန်းရွာရှိ ဥယျာဉ်ခြံတစ်နေရာတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ကို တွေ့ရှိရကြောင်း ဒေသခံများနှင့် ပရဟိတအသင်းထံမှ သိရသည်။
ဥယျာဉ်ခြံ သွားသူတစ်ဦးမှ လဲကျသေဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်း ကိုတွေ့ရှိသဖြင့် ရွှေအဏ္ဏဝါ ပရဟိတအသင်းအား ဆက်သွယ်အကူအညီတောင်းခံရာ ရင်ခွဲစစ်ဆေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအသင်းကဆိုသည်။
“ကျွန်တော်တို့က ဒီနေ့နေ့လယ်ပိုင်းမှာ အလောင်းသွားသယ်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ အလောင်းမှာ ဒဏ်ရာများတယ်” ဟု ရွှေအဏ္ဏဝါ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးသူသည် လွန်ခဲ့သည့် သုံးရက်ခန့်က ဆိုင်ကယ် ကယ်ရီဆွဲရင်း ပျောက်ဆုံးသွားသဖြင့် ရဲစခန်းတွင် လူပျောက်တိုင်ထားသည့် ကော့သောင်းမြို့ခံ အမျိုးသားဖြစ်သည်ဟု မြို့ခံများထံသိရသည်။
ရုပ်အလောင်း ပြန်တွေ့သည့်နေရာတွင် သေဆုံးသူနှင့် အတူ ပျောက်ဆုံးသွားသည့် မော်တော်ဆိုင်ကယ်ကိုမူ ပြန်မတွေ့ရတော့ကြောင်း အလောင်းသွားသယ်စဥ် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သူများက ပြောပြသည်။
ယင်းသို့ လုယက်မှုများကြုံရနိုင်သဖြင့် လူပြတ်သည့် လမ်းကြောင်း များ သို့ ခရီးသည်ပို့ဆောင်ရာတွင် ဆိုင်ကယ် ကယ်ရီသမားများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးသတိထားသင့်ကြောင်း မြို့ခံများကဆိုသည်။
မြိတ်မြို့ရှိ တည်းခိုးခန်း တစ်ခုတွင်လည်း ယနေ့ နံနက်ပိုင်းက လုယက်သတ်ဖြတ်ခံထားရသည့် အနေအထားဖြင့် တည်းခိုခန်း မန်နေဂျာတစ်ဦး သေဆုံးခဲ့သည်။






