BREAKING
November 18, 2025

ဘန်ကောက်ဆန္ဒပြပွဲ အနီးတွေ့သည့် မြန်မာ ၇ ဦးကို ထိုင်းရဲဖမ်း

June 28, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ဆန္ဒပြနေသည့် နေရာအနီးသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား ၇ ဦးနှင့် ကမ္ဘောဒီးယား ၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ထိုင်းပြည်သူများက ဘန်ကောက်မြို့ အနုစာဝရီကျောက်တိုင် (Victory Monument) တွင် ချီတက်ဆန္ဒပြနေခြင်းဖြစ်သည်။

ယင်းအချိန် ဆန္ဒပြနေသော အနုစာဝရီကျောက်တိုင်အနီးသို့ ပစ်ကပ်ကားဖြင့် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၇ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က မသင်္ကာဖြစ်၍ ဒင်းဒဲရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများက လတ်ဖလောင်းဒေသရှိ ၎င်းတို့၏ ပစ္စည်းများကို လာယူခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

သို့သော်လည်း ထွက်ဆိုချက်များကို ရဲတပ်ဖွဲ့က မယုံကြည်သဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့်လက်မှတ်၊ နေရပ်နှင့် ပြည်ဝင်ထွက်မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားတို့ ပြန်လွှတ်မလွှတ်ကိုမူ မဖော်ပြထားသဖြင့် မသိရသေးပေ။

လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ အပြစ်ကို ရှာမတွေ့သေးသော်လည်း နိုင်ငံရေးတောင်းဆို ဆန္ဒပြသည့်နေရာအနီးသို့ လာရောက်ပါက စုံစမ်းစစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Ref: The Nation Thailand