ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆရာဝန်ထောက်ခံချက်ပါမှသာ ရောင်းချရန် စတင်ကန့်သတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံသည် အာရှတွင် ဆေးခြောက်ကို ပထမဆုံး တရားဝင် သုံးစွဲခွင့်ပြုပြီး သုံးနှစ်အကြာ ယခု ဆေးခြောက်သုံးစွဲခွင့်ကို ပြန်လည်ကန့်သတ်လာခြင်းဖြစ်သည်။
ဆရာဝန်ထောက်ခံချက်ပါမှ ဆေးခြောက်ရောင်းချရမည့် စည်းမျဉ်းအသစ်ကို ကျန်းမာရေးဝန်ကြီး Somsak Thepsutin က လက်မှတ်ထိုးပြီးနောက် ထိုင်းတော်ဝင်ပြန်တမ်းက အတည်ပြုပြီး ဇွန်လ ၂၆ ရက်နေ့မှစ၍ အသက်ဝင်လာခြင်းဖြစ်သည်။
စည်းမျဉ်းအသစ်အရ ဆေးခြောက်ဆိုင်များက ဆရာဝန်ထောက်ခံချက် မပါသူများကို ရောင်းချခွင့် ရှိတော့မည်မဟုတ်ကြောင်း၊ လမ်းဘေးဈေးသည်များနှင့် အွန်လိုင်ဈေးသည်များလည်း ဆေးခြောက် ရောင်းချခွင့် ရှိတော့မည် မဟုတ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဆေးခြောက်နှင့် ပတ်သက်၍ ကြော်ငြာများ အားလုံးကိုလည်း ပြန်လည်ရုတ်သိမ်းရမည်ဖြစ်သည်။
စည်းမျဉ်းကို ချိုးဖောက်ပါက ရောင်းချသူများသည် ထောင်ဒဏ် အနည်းဆုံး ၁ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀၀၀၀ အထိ ကျခံရနိုင်သည်။
ဆိုင်များကလည်း ကျန်းမာရေးဌာနက အသိအမှတ်ပြုထားသော ဆေးဝါးလက်မှတ်ရ ဆေးခြောက်များကိုသာ ရောင်းချခွင့်ရှိမည်ဖြစ်ပြီး အာဏာပိုင်များကို လစဉ် တင်ပြရမည်ဖြစ်သည်။
ယင်းအပြင် ဆေးခြောက်စိုက်ပျိုးသူများကလည်း ရောင်းချခွင့်အတွက် လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။
ဆေးခြောက်ဆိုင်များက ဝယ်ယူသူများကို ဆရာဝန် ထောက်ခံချက်နှင့်အညီ သတ်မှတ်ထားသော ပမာဏကိုသာ ရက် ၃၀ စာ ရောင်းချခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ကျန်းမာရေးဌာနဘက်က ဆိုင်များကို ဆရာဝန်ထောက်ခံချက်နှင့် စည်းမျဉ်းစည်းကမ်းအသစ်ကို လိုက်နာရန်အတွက် လမ်းညွှန်ချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်းမျဉ်းအသစ်အရ ဆိုင်များကို ညှိယူနိုင်ရေး အချိန်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း မည်သည့်အချိန်အထိ အချိန်ပေးသွားမည်ကိုမူ တိတိကျကျမဖော်ပြထားခြင်းမရှိပေ။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ဆေးခြောက်ကို တရားဝင် ဖွင့်လှစ်ရောင်းချနေသော ဆိုင် ၁၈,၀၀၀ ကျော်ရှိပြီး ဆိုင်ရှင်အများစုက လက်မခံနိုင်ဖြစ်နေကြသလို ဆိုင်နှင့် စိုက်ပျိုးခင်းများ ပိတ်သိမ်းရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ဆေးခြောက်ကို ကျန်းမာရေးအတွက်သာ သုံးစွဲခွင့် ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: AP, Khaosod English