တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦး ငါးရက်ကြာသည်အထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံအချို့၊ အဖမ်းခံရသူများ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ဇွန်လ ၂၄ ရက် ညဦးပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ ဝန်းကျင်အရွယ် အောက်ကင်းရွာသား အမျိုးသား တစ်ဦးကို လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် အောက်ကင်းရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းကဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါလူငယ်အမျိုးသားကို ဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးပြီး တနင်္သာရီမြို့ပေါ်ရှိ အချုပ်ခန်းကို ပို့လိုက်သည့်အတွက် ၎င်း၏အခြေအနေကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဖမ်းပြီးနောက်ပိုင်း ရိုက်ထားတာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး လူတွယ် (တွဲခေါ်သူ) နဲ့ တွယ်သွားလို့ မြင်တဲ့သူတွေက ပြောတယ်။ တနင်္သာရီမှာ ချုပ်ထားတယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ ၂၄ရက် ညနက်ပိုင်းတွင်လည်း ဆိုင်ကယ်မောင်းလာသည့် အသက် ၂၀ ဝန်းကျင်အရွယ် ဘန်းလမွတ်ရွာသားတစ်ဦးကို လမ်းကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများက အောက်ကင်းရွာအနီးရှိ ကော့မပြင်းရွာတွင် ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“ဖမ်းသွားပြီး တနင်္သာရီ အချုပ်ကို ပို့လိုက်တယ်။ သူ့အမေနဲ့တော့ ဖမ်းပြီးတစ်ပတ်အကြာမှာ ပေးတွေ့တယ်။ ဘာအမှုနဲ့ အခုအချိန်အထိ ချုပ်ထားတာကိုတော့ မသိရသေးဘူး” ဟု အထက်ပါနီးစပ်သူက ပြောသည်။
အဆိုပါလူငယ်အမျိုးသားနှစ်ဦးမှာ ဇွန်လ ၂၈ ရက် နံနက်ပိုင်းအထိ ပြန်မလွတ်သေးကြောင်း ဒေသခံများ၊ နီးစပ်သူများထံမှ သိရသည်။
အဖမ်းခံရသူများ၏ နောက်ဆက်တွဲအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သားများသည် ယခုနှစ် ပထမခြောက်လအတွင်း တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းတစ်လျှောက်တွင် သွားလာနေသည့် ဒေသခံများကို ဖမ်းဆီးနေသည်မှာ ၁၀ဦးမနည်းရှိလာပြီး အများစုမှာ ဘန်းလမွတ်ရွာသားများ ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။