BREAKING
October 20, 2025

မောင်မယ်ရှောင် ဘုရားမဲစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်

June 28, 2025

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ နည်းပညာတက္ကသိုလ်အနီးရှိ ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၇ နာရီခန့်မှစ၍ မွန်းလွဲ ၂ နာရီခန့်အထိ ပစ်ခတ်သံများ ကြားနေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ဆက်တိုက်ကြားရကြောင်း ဒေသခံများက ဆိုသည်။

“လက်နက်ကြီးအသံ ဆက်တိုက်ကြားရတယ်။ တိုက်ပွဲက ဘုရားမဲဂိတ်ဘက်မှာ ဖြစ်တာပါ။ တိုက်ပွဲဖြစ်နေတုန်း ကားလမ်းတော့ ခဏပိတ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နှစ်ဘက်တိုက်ပွဲအခြေအနေနှင့် ထိခိုက်မှု အခြေအနေတို့ကို Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

၂၀၂၄ နှစ်ဆန်းပိုင်းကစ၍ မောင်မယ်ရှောင်ရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီဘက်ကလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာအတွင်း တပ်စွဲ ဝင်ရောက် နေထိုင်မှုများပြုလုပ်ခဲ့သဖြင့် ယနေ့အထိ ရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ဒေသခံများထံ သိရသည်။