စပါးလေးတင်းရောင်းပါမှ ဝက်သားတစ်ပိဿာသာရသည့် အခြေအနေဖြင့် တောင်သူလယ်သမားများ ရင်ဆိုင်နေကြရသည်။
ဝက်သားတစ်ပိဿာ လေးသောင်းကျပ် စျေးပေါက်နေချိန် ဒေသတွင်းစပါးများထဲမှ ဒေသခံများ အများဆုံးစိုက်ကြသည့် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းမှာ တစ်သောင်းကျပ်သာ ရရှိနေသည်။
စပါးလေးတင်း ရဖို့က လွယ်ကူလှသည်တော့မဟုတ် စစ်အာဏာသိမ်းပြီးချိန်မှစကာ ပြင်းထန်လာသည့် ပဋိပက္ခနှင့်တိုက်ပွဲများအကြား အသက်စွန့်ကာ လယ်ထဲဆင်းကြရသလို စပါးသိမ်းချိန် တိုက်ပွဲများဖြစ်လာပါက လယ်စွန့်၊ယာစွန့် ထွက်ပြေးကြရပြန်သည်။
စပါးစိုက်ဖို့အတွက် မဖြစ်မနေလိုအပ်သည့် စက်သုံးဆီ၊ ဓာတ်မြေသြဇာစျေးနှုန်းမှာလည်း စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဝယ်ယူရခက်ခဲသလို စျေးနှုန်းကြီးမြင့်မှုနှင့်လည်း ကြုံနေကြရသည်။
စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုအပြင် ကျပ်ငွေတန်ဖိုးကျဆင်းနေမှုကြောင့် အစစအရာရာ စျေးတက်နေချိန်တွင် စပါးတစ်မျိုးတည်းကသာ စျေးကျနေသည်က လယ်သမားများအတွက် တစ်ပူပေါ်နှစ်ပူဆင့် ခံပြီးရင်းခံနေကြရသည့် အဖြစ်မျိုးဖြစ်နေသည်။
စပါးရောင်းရငွေဖြင့် စားနပ်ရိက္ခာပြန်ဝယ်ချိန်တွင် စျေးမြင့်ပေးရသလို၊ စပါးစိုက်ရန် သွင်းအားစုများ ဝယ်ယူချိန်တွင်လည်း စံချိန်တင်စျေးများပေးဝယ်ကြရသည်။
စပါးပေါ်ချိန်တွင်တော့ စျေးကောင်းမရ၊ စျေးကောင်းမရသဖြင့် သိမ်းထားပြီး စျေးကောင်းချိန် ပြန်ရောင်းမည်ဆိုပါကလည်း နယ်မြေမအေးချမ်း၍ သိမ်းထားသည့် စပါးများ ဆုံးရှုံးမည်ကို ကြောက်ရသေးသည်။
ယင်းအပြင် လယ်ထွန်ယက်ချိန် မိုင်းနင်းမိ၍ အသက်ဆုံးရှုံးရ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရသည်ကလည်း မကြာခဏကြားနေသဖြင့် စိုးတထိတ်ထိတ်ဖြင့် လယ်ထဲဆင်းကြရသည်။
သို့သော် လယ်သမားများအတွက် ရွေးချယ်စရာမရှိ၊ လယ်မလုပ်ပါက လယ်မြေပျက်စီးမည်ကို စိုးရိမ်ရသလို အခြားအလုပ်လည်း မလုပ်တတ်သဖြင့် လုပ်တတ်သည့် လယ်လုပ်ငန်းသာ မှေးပြီး လုပ်ကိုင်နေကြရသည်။
ယင်းကြောင့် လယ်သမားများ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။
“စပါးဈေး(တက်လာမလားလို့) စောင့်ရင်းနဲ့ ဝယ်မယ့်သူပါမရှိတော့ဘဲ ဖြစ်လာတာ”
လောင်းလုံးမြို့နယ် ကညုံကျွန်းရွာက လယ်သမားတစ်ဦး
DW ။ ကညုံကျွန်းရွာမှာ လယ်တွေဘယ်လိုလဲ လုပ်နေကြပြီလား။
ဖြေ ။ လယ်ကအခုမှစလုပ်ရမှာ။ သူများတွေပြီးကုန်ကြပြီ။ ငါတို့ပဲကျန်ပြီ။ လမ်းဘေးကလယ်ရှင်တွေကို သွားတောင်းပန်ထားရတယ်။ သူတို့လယ်တွေက ပျိုးကျကုန်ပြီလေ။ (လယ်ထွန်စက်ဝင်ဖို့) လမ်းနည်းနည်းပေးဝင်ပါဆိုပြီးတော့။
DW ။ ဘာဖြစ်လို့ သူများထက်နောက်ကျပြီးမှ လယ်လုပ်ရတာလဲဆိုတာ နည်းနည်းရှင်းပြပေးပါလား။
ဖြေ ။ နောက်ကျဆို ငါတို့ကပြေးနေရတာလေ။ အခုကို ရွာမှမနေရဲသေးဘူး။ ရေထဲ(ထားဝယ်မြစ်ထဲ)မှာ သူတို့တတွေ(စစ်ကောင်စီတပ်) ရှိနေသေးတယ်ဆိုတော့။
DW ။ မလုပ်ရသေးတဲ့လယ်တွေဘယ်လောက်ကျန်သေးလဲ။
ဖြေ ။ အများကြီးကျန်သေးတယ်။ တစ်ရွာလုံးပဲပြေးရတာကိုး။ ပြီးတဲ့သူကနည်းနည်းပဲရှိသေးတယ်။ အခုက လယ်အရင်လုပ်ရမလား၊ အိမ်အရင်လုပ်ရမလားမသိတော့ဘူး။ အိမ်တွေလည်း ရစရာမရှိတော့ဘူး ဒီကောင်တွေ(စစ်ကောင်စီတပ်) ဖျက်ဆီးထားခဲ့တာ။
DW ။ လယ်လုပ်ချိန် တိုက်ပွဲဖြစ်လာလို့ စစ်ဘေးရှောင်ရတဲ့အပေါ် ဘယ်လိုမျိုးအခက်အခဲတွေကြုံရလဲ။
ဖြေ ။ အခက်အခဲကတော့ အများကြီးပဲ။ ဘယ်ကနေစပြောရမှန်းကိုမသိတော့ဘူး။ လယ်ထဲဆင်းရင်လည်း အဖမ်းခံရ၊ ပစ်သတ်ခံရနဲ့။ တော်တော်စိတ်ညစ်နေပြီ။ ဒီဟာကြီး(ပဋိပက္ခကာလ) ပြီးလည်းမပြီးနိုင်တော့ဘူး။ အေးအေးဆေးဆေးလည်းမနေရ။ ဟို့လူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ။ အခုဆိုငါတို့ရွာ ဘာမှမကျန်တော့ဘူးအဲဒီကောင်တွေ(စစ်ကောင်စီတပ်) ဖျက်ဆီးသွားတာ။ ဘယ်မှာလဲငါတို့ကို ကာကွယ်ပေးနေတယ်ဆိုတဲ့သူတွေ။
DW ။ စပါးဈေးတွေလည်းမကောင်း၊ ဝယ်မယ့်သူလည်းမရှိဖြစ်နေတယ်လို့ကြားရတယ်။ အဲဒီအခြေအနေလေး တစ်ချက်ပြောပြပါ။
ဖြေ ။ ပုံမှန်ဆိုရင်တော့ စပါးတွေက ဒီအချိန် လယ်သမားတွေလက်ထဲ မရှိတာများတယ်လေ။ ဒီနှစ်တော့ ဈေးကောင်းလာမလားလို့စောင့်ရင်း၊ စောင့်ရင်းနဲ့ အခုချိန်အထိကို တစ်လုံးမှမရောင်းရသေးဘဲ ကျန်နေတဲ့သူတွေချည်းပဲ။ စပါးဈေး(တက်လာမလားလို့) စောင့်ရင်းနဲ့ ဝယ်မယ့်သူပါမရှိတော့ဘဲ ဖြစ်လာတာ။
DW ။ မနှစ်ကစပါးအဟောင်းတွေကို ရောင်းမထွက်သေးဘဲ ဒီနှစ်စပါးထပ်စိုက်နေရတော့ ဘယ်လိုစိုးရိမ်မှုမျိုးရှိလဲ။
ဖြေ ။ စပါးဈေးကတော့ ကောင်းလာဖို့မရှိတော့ဘူး ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကဆန်တွေ သယ်လို့ပြုလို့မရဘူးကြားတယ်။ အဲဒါကြောင့်လည်း ဆန်ရောင်းသမားတွေ စပါးမဝယ်ကြတော့တာ။ လယ်ကတော့ မလုပ်ဘဲ ဒီအတိုင်းပစ်ထားလို့မှမရတာ။ လုပ်နေရတာပဲ။ တစ်ခုတော့ရှိတာပေါ့။ ဒီနှစ်လည်း စပါးရောင်းလို့မရဘူးဆိုရင်တော့ နောက်နှစ်၊ နောက်နှစ်တွေဆိုရင် လယ်လုပ်မယ့်သူရှိတော့မှာ မဟုတ်ဘူး။ ငါလည်းလုပ်တော့မှာမဟုတ်ဘူး။
DW ။ ဘာဖြစ်လို့လဲခင်ဗျား။
ဖြေ ။ စပါးရောင်းမရချင်းတူတူ လယ်လုပ်နေတာ ဘာထူးမှာလဲ။ လုပ်ရင်လည်း ကိုယ်စားဖို့အတွက်ပဲ လုပ်တော့မယ်။ (စက်သုံး)ဆီကဝယ်ရခက်၊ ဓာတ်မြေဩဇာကဈေးကြီး၊ လယ်ထွန်ခ နှစ်တိုင်းတက်နေတာ။ ရှိသမျှအကုန်(ကုန်ဈေးနှုန်း)တက်နေပြီး စပါးဈေးတစ်ခုပဲကျနေတာ လယ်သမားတွေ သေပြီပေါ့။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ မရှိတော့ပါဘူး။
“လယ်လည်းမလုပ်ရဘူး။ လူတောင်မှ နေလို့မရဘူး ဆိုရင် ဘယ်လိုလုပ် လယ်လုပ်မလဲ”
ကံပေါက်တိုက်နယ် က လယ်သမားတစ်ဦး (ဖောင်းတောကျေးရွာအုပ်စု၊ ရေဖြူမြို့နယ်)
DW ။ အခုနှစ် လယ်စိုက်ရာသီအစမှာ ဘာတွေရင်ဆိုင်နေရလဲ။ အခက်အခဲက ဘာတွေရှိနေလဲ။
ဖြေ ။ ဘာတွေရင်ဆိုင်နေရလဲ ဆိုတော့ ထွန်စက်နဲ့ ပထမတစ်ထပ်မောင်းမယ်။ ပြီးရင် မျိုးစေ့ရရင် မျိုးစေ့ကြဲမယ်ပေါ့။ အဲလိုပေါ့။ စိုက်ပျိုးရာသီမှာ ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ထွန်စက်အသွားစျေးတွေ စျေးကြီးလာတယ်။ ပြီးခဲ့တဲ့နှစ်က ခုနှစ်သောင်း၊ ရှစ်သောင်း (ကျပ်)ကို အခု ဒီနှစ် တစ်သိန်းသုံးသောင်း (ကျပ်) ထွန်သွားတစ်စုံကိုလေ။ ပြီးရင် ဆီ (စက်သုံးဆီ) တွေ ဝယ်ရခက်တယ်။ ဆီရှားတယ်။ ဆီဆိုင်တွေက ပိတ်ထားတော့ ဆီဝယ်ဖို့မရှိဘူး။ ဒီဇယ်နည်းနည်းတော်သေးတယ်နော်။ ဆိုင်ကယ်စီးဖို့ ဆီက ပိုရှားတယ်။ လိုချင်သလောက် ဝယ်လို့မရဘူး။ ခွဲတမ်းနဲ့ဝယ်ရတာတော့ မဟုတ်ဘူး။
DW ။ လယ်လုပ်ဖို့အတွက် စက်သုံးဆီ သယ်ယူရတာရော လွယ်ကူကြရဲ့လား။
ဖြေ ။ ကိုယ် ကိုယ်တိုင်ကျတော့ အခက်အခဲမတွေ့ရဘူး။ အဲဒီမှာ ဂိတ်တွေကျော်တဲ့အခါ ဘယ်လိုသုံးလဲ၊ ဘယ်လောက်သုံးလဲ၊ ဘာလဲ အဲဒီလို အစစ်အဆေး ရှိတယ်လို့ပြောတယ်။ ကိုယ်တိုင်ကတော့ မကြုံရသေးဘူးပေါ့နော်။ သူများတွေ ပြောပြချက်အရ ဆီတွေ များတယ် ဘာလုပ်လဲ၊ PDF ပေးသလားပေါ့နော်၊ စစ်တပ်ဂိတ်က စစ်တယ် အဲဒီလိုမျိုးတွေတော့ရှိတယ်။
DW ။ လယ်ထွန်ဖို့အတွက် ဘယ်စက်သုံးဆီ အမျိုးအစားကို သုံးလဲ။ လက်ရှိဆီစျေးက ဘယ်လောက်လဲ။
ဖြေ ။ ဒီဇယ်ကို သုံးတယ်။ ပရီမီယံ ကတော့ စျေးတအားကြီးတော့ မသုံးနိုင်ဘူးလေ။ အစက သုံးဖူးတယ်၊ ကောင်းတော့ကောင်းတာပေါ့နော်။ စျေးကြီးလွန်လွန်းလို့ ဒီနှစ်ကတော့ ဒီဇယ်ပဲသုံးတယ်။ အခုဆိုရင် တစ်သောင်း ခုနစ်ထောင်၊ တစ်သောင်းရှစ်ထောင် (တစ်ဂါလန်/ကျပ်စျေး) ရှိတယ်။ အရင်နှစ်ကနဲ့ဆိုရင် စျေးတစ်ဝက်လောက်ကွာတယ် ပြောရမှာပေါ့။ အရင်နှစ်က တစ်သောင်းမပြည့်ဘူး လေ။ ရှစ်ထောင်၊ ကိုးထောင် အဲဒီလောက်ပဲရှိတယ်။ အခုက တစ်သောင်း ခုနစ်ထောင်ဆိုတော့ တစ်ဝက်စျေးလောက် တက်သွားတယ်။ စရိတ်ပိုသွားတယ်ပေါ့နော်၊ လယ်လုပ်တဲ့စရိတ်။
DW ။ အခြားသွင်းအားစု ဓာတ်မြေသြဇာ တွေရော ဝယ်ရအဆင်ပြေလား။
ဖြေ ။ ဝယ်ဖို့ရှိတယ်။ စျေးကတော့ ၁၅ ပတ်လည်(ဓာတ်မြေသြဇာ) တစ်အိတ် ကို နှစ်သိန်းခွဲ(ကျပ်)၊ မြင်းပျံ ဓာတ်ဆားတစ်အိတ်ကို တစ်သိန်းသုံးသောင်း နဲ့ ရှစ်ထောင်(ကျပ်) အဲဒီလောက် ရှိတယ်။ အရင်ကနဲ့စာရင်တော့ ဝဲ(ဓာတ်မြေသြဇာ) စျေးကလေတက်တယ်။ ဒါပေမဲ့ အခုလို ရာသီမှာလေ ကျွန်တော်တို့ရွာက တောရွာဆိုတော့ ဘယ်လိုပြောမလဲ၊ လယ်ထွန်တဲ့အချိန်ဆို ဒီဇယ်(စျေး) တက်တယ်။ ခြံခုတ်လို့ ဓာတ်ဆီသုံးတဲ့အချိန်ဆို ဓာတ်ဆီစျေးတက်တယ်။ စီးပွားရေးစနစ်အရလား၊ ဘယ်လိုပြောရမလဲတော့ မသိဘူး။ နည်းနည်းတော့လှုပ်တယ်။
DW ။ ပြီးခဲ့တဲ့နှစ်က စပါးစျေးအခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ ပြီးလာတဲ့နှစ် ရာသီပေါ်ချိန်က စပါးစျေးက သုံးသောင်း(တင်းစျေး/ကျပ်) လောက်ရှိတယ်။ အဲဒီချိန်မှာ ကိုယ်က မရောင်းဘူး။ အခုလိုချိန်ကျတော့ နှစ်သောင်းခွဲတောင်မှ ဝယ်သူအိမ်၊ ဆန်စက် အရောက်ပို့ပေးရမယ် အဲလိုပေါ့။ ဒါပေမဲ့ အခုလည်း (စပါး)သိပ်မများလောက်တော့ပါဘူး။
DW ။ လယ်လုပ်ကိုင်သူတွေ၊ အလုပ်သမားတွေ အခြေအနေကဘယ်လိုလဲ။
ဖြေ ။ ပုံမှန် အလုပ်လုပ်နေသူတွေရှိသေးတယ်။ သူ့အဆက်အသွယ်နဲ့သူ၊ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ပေါ့နော်။
DW ။ တိုက်နယ်ထဲက အခြားရွာတွေမှာရော လယ်တွေ လုပ်နေကြရဲ့လား။
ဖြေ ။ ဇာဒီမှာကတော့ မကောင်းဘူး အခြေအနေ၊ ဖောင်းတောကတော့လုပ်ကြတယ်။ ဇာဒီ နဲ့ ပယ အခြေအနေမကောင်းဘူး။ သတင်းကြားမိလားတော့မသိဘူး။ တိုက်ပွဲတွေနဲ့ ပြေးနေရတယ်။ အဲဒီလောက်ပဲပြောရဲတယ်။ ကျန်တာမပြောရဲဘူး။ ရွာကလူတွေ ဟိုရွာ ဒီရွာ ပြောင်းပြီးတော့ ဟို စစ်ပြေး(စစ်ဘေးရှောင်)ရယ်လို့တော့ မဟုတ်ဘူး၊ သူ့အသိအိမ်မှာ သူခိုနားနေ၊ ကိုယ့်အသိအိမ်မှာ ကိုယ်ခိုနားနေ အဲလိုတွေ ဖြစ်နေကြတယ်။ ရော်ဘာခြံလည်း မခြစ်ရဘူး၊ လယ်လည်းမလုပ်ရဘူး။ လူတောင်မှ နေလို့မရဘူး ဆိုရင် ဘယ်လိုလုပ် လယ်လုပ်မလဲ။ တချို့တွေ ပြောင်းနေကြပြီ။ အဲဒီရွာတွေက အခြေအနေသိပ်မကောင်းဘူး။
DW ။ အခုလာမယ့်ပွင့်လင်းရာသီအတွက်ရော ဘယ်လိုမျှော်လင့်ထားလဲ။
ဖြေ ။ ဘယ်လိုမျှော်လင့်ထားလဲ ဆိုတော့ လုပ်ကတော့ ပင်ပန်းခံရင်တော့ များများလိုချင်တာပေါ့။ ကောင်းအောင်ပဲလုပ်ပါတယ်။ ပြီးလာတဲ့နှစ် ရဲ့ စံချိန်ကိုတော့မီအောင်လုပ်ရမှာပေါ့။ အရင်နှစ်ကတော့ အဆုံးအရှုံးတော့ရှိတယ်။ ဆေးဝါး နဲ့ အချိန်မီကာကွယ်လိုက်တော့၊ သူများနဲ့စာရင် ကိုယ်ကတော့ အဆုံးအရှုံး နည်းခဲ့တာပေါ့။
DW ။ ကျေးဇူးတင်ပါတယ်။
” ကျွန်တော်တို့ မင်းဒပ်မှာရော ဝင်းဝ(ရွာ)မှာရော အားလုံးပစ်ထားတဲ့လယ်တွေချည်းပဲ”
စစ်ဘေးရှောင် လယ်သမားတစ်ဦး မင်းဒပ်ရွာ၊ သရက်ချောင်းမြို့နယ်
DW ။ အခုလက်ရှိလယ်ထွန်နေပြီလား။ လယ်ထွန်ရတဲ့အခြေနေဘယ်လိုရှိလဲရှင်။
ဖြေ ။ အခုလယ်ထွန်နေရတဲ့ အခြေအနေကတော့ သူတို့(စစ်သား)လည်းသိတယ်လေ၊ တော်တော်များများတော့ ရန်မရှာဘူး၊ ရွာထဲလူဝင်လူထွက် အဲဒါတွေပဲ သူတို့ရန်ရှာတယ်။ လယ်ထွန်နေတာ အခုဆို ဆယ်ရက် ဆယ့်ငါးရက်လောက်ရှိပြီလေ။ရန်မရှာဘူး။ လယ်လုပ်နေမှန်းလည်း သူတို့သိတယ်လေ။
DW ။ အခုစစ်ဘေးရှောင်ရင်း လယ်ထွန်နေရတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ ။ အခက်အခဲကတော့ သွားရေးလာရေးအားလုံး သယ်ယူစရိတ်ကအစ အခက်အခဲကတော့ မျိုးစုံရှိတာပေါ့။ အစစအရာရာအားလုံးမျိုးစုံရှိတာပေါ့။ စပါးပျိုးသယ်ရ စက်ဆီသယ်ရ စက်သယ်ရ လမ်းပန်းဆက်သွယ်ရေးကအစ အားလုံးအခက်အခဲရှိတာပေါ့။
DW ။ အခုက တခြားရွာမှာ စစ်ဘေးရှောင်ရင်း လယ်လာလုပ်နေရတာလား။ ကိုယ့်ရွာထဲမှာပဲနေပြီး လယ်လုပ်နေရတာမျိုးလား ဘယ်လိုမျိုးလုပ်နေလဲ။
ဖြေ ။ အခုတော့ တခြားနေရာကနေစစ်ဘေးရှောင်ပြီးတော့ လယ်လာလုပ်နေရတာပေါ့။
DW ။ လယ်ကရော ဘာလို့ဒီလောက်ခက်ခက်ခဲခဲကြားထဲကနေ လုပ်ဖြစ်တာလဲ။
ဖြေ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လယ်တွေက စပါးထွက်အရမ်းကောင်းတယ်လေ။ တစ်ဧကကို တစ်ရာ ရှစ်ဆယ်လောက်ထွက်တယ်ဆိုတော့ ပစ်မထားရက်ဘူးပေါ့။ အဲဒါကြောင့်လာလုပ်နေတာ။
DW ။ သွင်းအားစုတို့ စက်ငှားရမ်းရတာတွေမှာရော အခက်အခဲတွေရှိလား။စစ်တပ်က ရွာထဲဝင်ထိုင်ထားတော့ စက်သမားကိုခေါ်ရင် လာလားပေါ့နော်။
ဖြေ ။ အဲဒါတွေတော့ မရဘူး။ ကိုယ့်လယ်နဲ့ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်စက်နဲ့ကိုယ်ပဲ လုပ်ရတာပေါ့။ စက်မရှိတဲ့သူတွေကတော့ လုပ်လို့မရတော့ဘူးပေါ့။ ကိုယ့်လယ်နဲ့ ကိုယ့်စက်ရှိတော့ အပင်ပန်းခံပြီးလာလုပ်နေတာပေါ့။ စက်မရှိတဲ့သူတွေကတော့ လာလုပ်မရဘူး အဲလိုဖြစ်နေတာပေါ့။
DW ။ ပုံမှန်အခြေနေမှာတောင် လယ်လုပ်ရတာ အခက်အခဲတွေရှိတယ်ပေါ့နော် အခု ဆီဝယ်ရတာတို့ ဓာတ်မြေဩဇာဝယ်ရတဲ့ အခက်အခဲတွေကရော ဘယ်လိုရှိလဲ။
ဖြေ ။ အဲဒါကတော့ အခက်အခဲအများကြီးရှိတာပေါ့။ ဒီစပါးပျိုးတောင် ကျွန်တော်တို့က တခြားရွာကနေ လှေနဲ့ကူး ချောင်းဝပြင်(ရွာ)တို့ ဝဲရစ်(ရွာ)တို့ အဲဒီနေရာတွေကနေ လှေနဲ့တောက်လျောက်တင်ပြီးမှ စပါးပျိုးဝယ်နေရတယ်။ သွင်းအားစုတွေမှာ အခက်အခဲ အများကြီးရှိတာပေါ့။ ဆီ(စက်သုံးဆီ)လည်းအဲလိုပဲလေ။ ဆီလည်းကျွန်တော်တို့ဘက်မှာ လုံးဝကို ခိုးခိုးဝှက်ဝှက် ဝယ်နေရတာကို။ ဆီက ရငဲ(ရွာ)မှာနေတော့ ရငဲကနေဝယ်တာပေါ့၊ ရငဲလာတဲ့ဆီကလည်း ဆီသင်္ဘောကပ်ပြီး လာဖြန့်ဖြူးနေတာကိုး၊ အခုလည်း အဲဒီဘက်ကနေ သွားသယ်တဲ့ ကားသမားတွေ ရငဲကိုသယ်လို့မရဘူးလို့ပြောတယ်။ ဆင်ထိုး(ဆင်ထိုးကြီးရွာ)မှာ စစ်တပ်တွေရှိနေလို့ သယ်လို့မရဘူးလို့ပြောတယ်။ အခုဈေးနည်းနည်းပြန်တက်နေတယ်။
DW ။ (စျေးနှုန်း) ဘယ်လောက်လောက်ဖြစ်နေလဲ။ ဆီဈေးတို့ ပုလဲဓာတ်မြေဩဇာဈေးတွေက။
ဖြေ ။ ဓာတ်မြေဩဇာဆိုရင် လုံးဝသယ်လို့မရဘူး။ ဆီဈေးကတော့ မနေ့က ကျွန်တော် ၅ ဂါလန် ဝယ်လာတာ ရှစ်သောင်းခွဲကျတယ်။
DW ။ ဓာတ်မြေဩ သယ်မရဘူးဆိုတော့ ဓာတ်မြေဩဇာမသုံးရင်လည်း အထွက်နှုန်း ကျသွားတယ်လို့ပြောကြတယ် ဆိုတော့ ဘယ်လိုလုပ်နေလဲ။
ဖြေ ။ ဝမ်းစာဖူလုံရေးပဲရပါစေ၊ ဝမ်းစာဖူလုံရေးပဲကျန်ပါစေဆိုပြီး အဲလိုမျိုးမှန်းပြီးတော့ လယ်တွေလုပ်နေတာပေါ့။ မထည့်တော့ဘူး အဲလိုပဲ ရသမျှပဲ ရပါစေဆိုပြီးလုပ်နေတာပေါ့။
DW ။ မနှစ်ကရော လယ်မှာ စပါးဘယ်လောက်ထွက်လဲ။
ဖြေ ။ မနှစ်က ကျွန်တော် မှာ လယ် ၁၀ ဧကပေါ့။လယ် ၁၀ ဧကကို စပါး(တင်း) ၈၀၀ လောက်ထွက်တယ်။ အဲဒါကြောင့် ပစ်မရက်လို့ ဝင်လုပ်နေတာပေါ့။
DW ။ အဲလိုအခက်အခဲတွေရှိတော့လေ တချို့လယ်တွေ ပစ်လိုက်ရတာမျိုးရှိလား။
ဖြေ ။ အဲဒါတော့ အခုဖြစ်နေတဲ့ ပုံစံအရဆိုရင် ဥပမာ ငါးပုံမှာ တစ်ပုံလောက်ပဲလုပ်ရတယ်။ လေးပုံစာက ကျွန်တော်တို့ မင်းဒပ်မှာရော ဝင်းဝ(ရွာ)မှာရော အားလုံးပစ်ထားတဲ့လယ်တွေချည်းပဲ၊ ကျွန်တော်တို့ စပါးအထွက်ကောင်းတဲ့ လယ်တွေလောက်ပဲ အနောက်ပြင်မှာ ရွေးပြီးလိုက်လုပ်နေရတာပေါ့။ လယ်လုပ်ရတာက နည်းနည်းပဲရှိတယ်။ (လယ်လုပ်တဲ့) ဧက နှစ်ဆယ်၊သုံးလေးဆယ် ငါးဆယ်လောက်ပဲရှိတယ်။ ကျန်တဲ့ လယ်တွေအကုန်ပစ်တာပေါ့။ ကျွန်တော် တို့နေရာမှာ လယ်ဧကပေါင်းက ၂၀၀၊ ၃၀၀ လောက်ရှိတာကိုး။ ကျွန်တော်တို့ မင်းဒပ်မှာတောင် စပါးရိတ်နေတဲ့ စက်ရှင်တွေကို မေးကြည့်တာ လယ်ဧက သူတို့လိုက်ရေထားတာ မင်းဒပ်မှာကို (မလုပ်ဘဲပစ်ထားတဲ့လယ်)ဧက ၃၀၀ လောက်ရှိတယ်တဲ့။ ဝင်းဝဘက်ခြမ်းမပါသေးဘူး။
DW ။ ဘယ်ကတည်းက (လယ်)ပစ်တာလဲ ဒီနှစ်မှ ပိုဆိုးတာလား။
ဖြေ ။ ဒီနှစ်မှ ပစ်တာပိုဆိုးတာ။ မနှစ်က ဝင်းဝဘက်က ပစ်ကြတယ်။ မနှစ်က အားလုံးပဲလုပ်ကြတယ်။ ဒီနှစ်မှ အခုလယ်လုပ်ခါနီးမှ ဝင်းဝစခန်းကို ဖြစ်လာတော့…။
DW ။ အခုက ပျိုးချပြီးပြီလား စိုက်ပြီးကုန်ပြီလား။
ဖြေ ။ အခုကျွန်တော် တို့ဘက်မှာ ခိုးခိုးဝှက်ဝှက်ဝင်လုပ်နေတဲ့ တော်တော်များများကတော့ ဧက ၅၀ လောက်ကတော့ စက်နဲ့လယ်နဲ့တွဲထားတဲ့ စက်ပိုင်ရှိတဲ့လူတွေကတော့ တော်တော်များများပြီးကုန်ပြီ။ နောက်ပြီး စက်ရှိပြီးလယ်မလုပ်ရတဲ့သူတွေလည်းရှိတယ်။ စက်ရှိတဲ့လူတွေက စက်ကရွာထဲမှာ ဖြစ်နေတော့ ဝင်လို့မရဘူးလေ။ အဲလိုလယ်ပိုင်ရှင်တွေတော့ကျန်သေးတာပေါ့။ တော်တော်များများ ကျွန်တော် တို့နားမှာက ကိုယ့်လယ်နဲ့ကိုယ့်စက်နဲ့ လယ်သမားကများတယ်လေ။ အဲတော့ တစ်ချို့လယ်သမားတွေကလည်း ထိတွေ့မှုတိုက်ပွဲမဖြစ်ခင်မှာ စက်က ရွာထဲမှာဖြစ်နေတော့ ကျွန်တော် တို့က အဲလိုထိတွေ့မှုတိုက်ပွဲဖြစ်တော့မယ်ဆိုတာ ကြိုတင်ပြီးသိနေတော့၊ တစ်နေ့ဖြစ်လာတော့မယ်ဆိုတာသိနေတော့ ထိတွေ့မှုမဖြစ်ခင် စက်ကိုလယ်ကွင်းထဲ မောင်းထည့်ထားလိုက်တယ်။ ကျန်တဲ့လူတွေက မောင်းမထည့်ထားလို့ အဲလိုဖြစ်သွားတာပေါ့။ အဲဒီလူတွေကတော့ကျန်နေတာပေါ့။ ဝင်းဝဘက်ခြမ်းမှာဆို ကျွန်တော်ခန့်မှန်းသလောက် ရဲစခန်းရဲ့ အောက်ဘက်မှာဆို ဧက ၁၅၀ လောက်ရှိမယ်။အဲဒီလယ်တွေဆို တစ်ခုမှ မလုပ်ဘူး။
DW ။ အဲတော့ လယ်လုပ်တဲ့သူတွေ နည်းလာတော့လေ ဆန်က ဈေးကြီးတာတွေမျိုးရှိလား၊ ဝယ်ရခက်တာမျိုးရှိလား အခုစစ်တပ်ကလည်း ဆန်တွေဘာတွေ ပေးမသယ်ဘူးဆိုတော့။ ဘယ်လိုရှိလဲ။
ဖြေ ။ ဆန်ကတော့ အခုသိရသလောက် ဝယ်ရခက်တာတော့မဟုတ်ဘူး။ လူဦးရေကလည်းကျွန်တော် တို့နားမှာ အစတုန်းကလိုမျိုး တအားမများဘူးး။ ထားဝယ်ဘက်ကိုပြောင်းပြီးနေကြတယ်။ တအားများတယ်။ ကျွန်တော် တို့နားမှာ အခုလက်ရှိ ရှိနေတာက ဝဲရစ်(ရွာ)တို့ ကမြိုင်(ရွာ)တို့ ရငဲ(ရွာ)တို့ အဲဒီဘက်တွေမှာ သွားနေတာကိုး။ လူဦးရေက တအားနည်းသွားပြီ။ သုံးပုံမှာ တစ်ပုံလောက်ပဲရှိတယ်။ စားရေးသောက်ရေးက အဲလောက်တော့ ဆန်က မခက်ဘူး။ ထားဝယ်ဘက်ကလည်း ခိုးခိုးဝှက်ဝှက် တစ်အိတ်နှစ်အိတ်သယ်နေတာကိုး။
DW ။ အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“သိပ်မကျန်ဘူး။ စပါး(အထွက်နှုန်း)က တစ်ဧကကို တင်း ၃၀တောင် မပြည့်ဘူး”
လယ်သမားတစ်ဦး၊ သာရဘွင်ရွာ၊ တနင်္သာရီမြို့နယ်
DW ။ ဦးမှာ လယ်ဘယ်နှစ်ဧကရှိလဲ။ အခုဆိုရင် လယ်စိုက်ဖို့ ဘာတွေလုပ်နေပြီလဲပေါ့နော်။
ဖြေ ။ လယ်၁၂ ဧကရှိတယ်။ ဦးတို့မှာက ရေကျ နောက်လိုက်ဖြစ်တဲ့အတွက် ဝါဝင်(ဝါဆိုလ) ပြီးမှလုပ်တာ။
DW ။ စပါးကဘာအမျိုးအစားစိုက်လဲ။
ဖြေ ။ စပါးက ဒီနယ်ထွက်ပဲ ကောင်းနိုးရာရာပေါ့။ မျိုးကတော့ မသန့်ဘူးပေါ့ဗျား။ ဦးလေးတို့မှာက။
DW ။ လယ်စိုက်ဖို့ဆိုရင် လက်ရှိမှာ ဘယ်လိုအခက်အခဲမျိုးရှိလဲပေါ့။
ဖြေ ။ အခုက ဒီဇယ်ဈေးကလည်း ကြီးတယ်လေ။ မြိတ်နဲ့မတူဘူးလေ။ဈေးကတအားမြောက်တယ်လေ။ ပြီးတော့ လူခ လူငှားဈေးလည်းကြီးတယ်။ ဥပမာ- ထိုင်းကျွဲတစ်စီး(လယ်ထွန်စက်)ကို တစ်နေ့ငှားရင် (ကျပ်) ခြောက်သောင်းခွဲလောက်ပေးရတယ်။ ဆီက ကိုယ်ပေးရတာပေါ့။ သူက ထိုင်းကျွဲတစ်စီးနဲ့ လူလောက်ပဲလာတယ်။
DW ။ ဒီအခက်အခဲကိုရော ဘယ်လိုဖြေရှင်းနေလဲပေါ့။
ဖြေ ။ ဦးလေးတို့မှာက စပါးရရင်ပြီးရော။ ဆန်ဝယ်စားမယ့်အစား စပါးကတော့ နည်းနည်းပါးပါးတော့ အမြတ်အစွန်းကျန်တာပေါ့။ အရင်ကစိုက်တယ် အခုကမစိုက်နိုင်တော့ဘူး။ လယ်စိုက်သမား (စိုက်ခ)ဈေးကြီးတော့ မကိုက်ဘူးလေ ဦးလေးတို့မှာက။ အဆင်မပြေတော့ မစိုက်တော့ဘူး။ ကြဲသား(စပါးမျိုးကို ကြဲ)လုပ်ရင်တော့ နည်းနည်းခံသာတယ်။
DW ။ ပြီးခဲ့တဲ့နှစ်က လယ်စိုက်တဲ့အခြေအနေကရော ဘယ်လိုရှိလဲ။အခက်အခဲတွေက အခုနှစ်နဲ့အရင်နှစ် ကွာခြားတာရှိလား။
ဖြေ ။ ဦးလေးတို့မှာတော့ မကွာခြားဘူး။စပါးက ရေမမြုပ်ဘူးဆိုရင် စပါးအထွက်ကောင်းတယ်။ ရေကြီးတယ်ဆိုတော့ ရေမြုပ်တဲ့နှစ်ဆို စပါးကို နှစ်ခါလုပ်ရတယ်။အဲဆို နည်းနည်းတော့ နစ်နာမှုရှိတယ်။ရေမကြီးရင်တော့ ကိုယ့်အတွက် နည်းနည်းပိုကျန်တယ်။
DW ။ ပြီးခဲ့တဲ့နှစ် မြေဩဇာစျေးနဲ့ ယခုမြေဩဇာစျေးက မတူတော့ ကျန်ရဲ့လား။
ဖြေ ။ ဦးလေးတို့မှာတော့ မြေဩဇာ မသုံးဘူး။မသုံးနိုင်လို့ မသုံးဘူး။မြေဩဇာက အများကြီးလိုတယ်လေ။ စပါးမထွက်ဘူးဆိုရင် ဦးလေးတို့မှာ အဆင်မပြေနိုင်ဘူး။ဒါပေမဲ့ ဦးလေးတို့မှာက တစ်ခုကောင်းတာက ဟိုအရင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်တုန်းက ရေကာတာလုပ်ပေးထားတာ ရှိတယ်။နွေရာသီမှာ ရေပြတ်သွားရင် ရေသွင်းလို့ရတယ်။အဲတာတစ်ခုတော့ ဦးလေးတစ်ခုတော့ အကျိုးရှိတယ်။
DW ။ စပါးက အခုနှစ်မှာ ကျန်ရဲ့လား။စပါးတစ်တင်းကို ဘယ်လောက်ရလဲ။
ဖြေ ။ ကျန်တာက သိပ်မကျန်ဘူး။စပါးက တစ်ဧကကို တင်း ၃၀တောင် မပြည့်ဘူး။ဒီနှစ်ပေါက်စျေးက စပါးတစ်တင်းကို ၃သောင်း(ကျပ်)စျေးရတယ်။
DW ။ ဦးလေးတို့မှာက ကျန်ရဲ့လား။
ဖြေ ။ ဦးလေးတို့မှာက ကျန်တာ မကျန်တာထက် လောလောဆယ် ဆန်ရှိဖို့ အရေးကြီးတော့ လုပ်နေရပေါ့။ ကျန်တာတော့ မကျန်ပါဘူး။ လုပ်အားနဲ့ လုပ်အားခ တွက်မယ်ဆိုရင် မကျန်ဘူး။ ကိုယ့်လုပ်အားက အများကြီးထည့်ရတယ်။
DW ။ ဒီနှစ်မှာရော အမြတ်အစွန်းရမယ်ထင်လား။အခြေအနေကရော။ဒီနှစ်က စိုက်ပြီးလား။
ဖြေ ။ အခြေအနေက ဒီနှစ်က ရာသီဥတုအပေါ်မူတည်တယ်။ဥပမာ-မြစ်ရေမကြီးဘူး ဆိုရင် စပါး ထွက်အားကောင်းတယ်။ မြစ်ရေကြီးသွားရင် စပါးအဆင်မပြေဘူး။အဆင်မပြေရင် နှစ်ခါလောက်ပြန်လုပ်ရတဲ့အချိန်ဆို ရှုံးတယ်။ဒီနှစ်ဆို စပါးမစိုက်သေးဘူး။ဦးလေးတို့မှာက နယ်အခေါ်ဆို ရေကျနောက်လိုက်ပေါ့(ရေကြီးပြန်အကျတွင် နောက်ကလုပ်လိုက်တာမျိူး)။
DW ။ ကျေးဇူးတင်ပါတယ်။