BREAKING
October 18, 2025

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်မည်ဟု သတင်းထွက်သော်လည်း KNU ငြင်း

June 28, 2025

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်ပေးရန် လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေသော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ကမူ ဖွင့်လို့မရသေးကြောင်း ပြန်လည်ဖြေကြားသည်။

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းဘက်မှ တာဝန်ရှိသူများနှင့် KNU က တာဝန်ရှိသူများ ဇွန်လ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု KNU နှင့်နီးစပ်သည့် ထီးခီးဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ထီးခီးနယ်စပ်လမ်းတွေ ပြန်ဖွင့်မယ်လို့တော့ ကြားသိရတယ်။ မနေ့က(ဇွန် ၂၅) အစည်းအဝေးမှာတော့ ဖွင့်ဖို့သေချာသလောက်တော့ရှိနေပြီလို့ သိရတယ်၊ KNU လူကြီးတွေနဲ့ ထိုင်းဘက်က သက်ဆိုင်ရာတွေအစည်းဝေးလုပ်တာ” ဟု အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

ထားဝယ်-ထီးခီးကားပြေးဆွဲနေသူ အမျိုးသားတစ်ဦးကလည်း အောက်တိုဘာလခန့်တွင် ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်မည်ဟု KNU ဘက်က သတင်းရရှိထားကြောင်း ဆိုသည်။

Dawei Watch အနေဖြင့် ယင်းအခြေအနေကို သိရှိနိုင်ရန် KNU တပ်မဟာ(၄) မြိတ်-ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းရာတွင် “နယ်စပ်ကဖွင့်လို့မရဘူးနော်၊ နယ်စပ်ကဖွင့်လို့မရဘူး” ဟုသာ ပြန်လည်ဖြေဆိုသည်။

အသေးစိတ်အခြေအနေကို ဆက်လက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် သိရှိရခြင်းမရှိပေ။

ပြီးခဲ့သည့်နှစ်က ကျောက်ထု၊ မောထ၊ အောင်သာဝရစခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူခဲ့ပြီး ထောမဖြိုး၊ ကမာပလော၊ မေတ္တာနယ်မြေရဲစခန်းနှင့် ဟိန္ဒားစခန်းများကိုမူ စစ်ကောင်စီတပ်များက စွန့်ခွာထွက်ပြေးသွားသည်။

ယခုနှစ် ဧပြီလ ၁၉ ရက်တွင် ထီးထစခန်း၊ မေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိစခန်းများကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ငရံ့နီစခန်းက စစ်ကောင်စီတပ်သားများလည်း ဇွန် ၁၂ ရက်က စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ထားဝယ်ခရိုင်နှင့်ထိစပ်နေသည့် ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်၏ နတ်အိမ်တောင်စခန်းနှင့် သုခစခန်းနှစ်ခုသာ ကျန်ရှိတော့သည်။

ထီးခီးနယ်စပ်ဒေသတစ်ခုလုံးကို KNU သိမ်းပိုက်ပြီးနောက် ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ် အပါအဝင် မြဝတီကုန်သွယ်ရေးဂိတ်ကိုပါ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု KNU ဗဟို ပြောခွင့်ရသူ ပဒိုစောတောနီးက BBC ကို ဖြေဆိုထားသည်။

“KNU က ထီးခီးနယ်စပ်ဂိတ်ကိုစိုးမိုးထားနိုင်ပေမယ့် ထိုင်းအစိုးရဘက်ကပြန်မဖွင့်သ‌ရွေ့ နယ်စပ်ဂိတ်ပြန်ဖွင့်ပြီလို့ပြောလို့မရဘူး။ မှောင်ခိုကုန်သွယ်မှုတွေပဲ အနည်းအကျဉ်းရှိပါလိမ့်မယ်” ဟု KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်သည့် မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းသည် စစ်ကောင်စီကို ကုန်သွယ်မှုတန်ဖိုး အများဆုံးရှာဖွေပေးနေသည့် ဂိတ်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ရှိသည်ဟု စစ်ကောင်စီစာရင်းအရသိရသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တရားဝင်ပြန်မဖွင့်သေးသဖြင့် ထားဝယ်-ထီးခီး ကားသမားအချို့ လမ်းကြောင်းပြောင်းဆွဲနေခြင်းရှိသလို အချို့မှာ လုပ်ငန်းရပ်နားထားကြသည်ဟု ကားပြေးဆွဲနေသူအချို့က ပြောသည်။