BREAKING
October 29, 2025

ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ် ဈေးကျ

June 28, 2025

ကော့သောင်း-ရန်ကုန်လေယာဉ်လက်မှတ်နှုန်းထားမှာ အခုလအတွင်း ကျပ်ငါးသောင်းနီးပါး ဈေးကျလာကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။

ဇွန်လအစပိုင်းက ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ် ခြောက်သိန်းဝန်းကျင်ရှိရာမှ ဇွန်လ တတိယအပတ်ခန့်မှစကာ ငါးသိန်းခွဲဝန်းကျင် ဈေးရှိနေကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ်အချို့က ဆိုသည်။

ပြည်ထောင်စုလမ်းတစ်လျှောက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် လေကြောင်းခရီးဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်ခနှုန်းထားများလည်း တက်သွားခဲ့သည်။

“လေယာဉ်(လက်မှတ်)ဈေးနူန်းတွေ အရမ်းတက်တော့ နယ်ဘက်က လိုက်စီးတဲ့သူတွေနည်းတယ်။ မိုးရာသီလည်း ဖြစ်တော့ ခရီးအသွားအလာလည်းနည်းတယ်။ဒါကြောင့် လေယာဉ်ရုံးတွေဘက်က ဈေးချပေးတယ်ထင်တယ်။ ကျွန်မတို့အေးဂျင့်တွေက သူတို့ဈေးချရင်လိုက်ချပေးရတယ်”ဟု လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။

သို့ရာတွင် ရန်ကုန်-ကော့သောင်းလေယာဉ်လက်မှတ်ခမှာ ဈေးမကျဘဲ တစ်ဦးလျှင် ကျပ် ရှစ်သိန်းခွဲဝန်းကျင် ဈေးပေါက်နေကြောင်း ၎င်းက ဆိုသည်။

ကော့သောင်း-ရန်ကုန် ခရီးစဉ်ကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းက တစ်ပတ်နှစ်ကြိမ်ပြေးဆွဲနေပြီး မင်္ဂလာလေကြောင်းလိုင်းက နေ့စဉ် ပြေးဆွဲနေကြောင်း အထက်ပါ လက်မှတ်အရောင်းကိုယ်စားလှယ်က ပြောသည်။

ယင်းကဲ့သို့ လေယာဉ်လက်မှတ်ခဈေးကျနေသော်လည်း ကားခထက်အဆပေါင်းများစွာ ဈေးများနေသည့်အတွက် ကျန်းမာရေးကိစ္စကဲ့သို့ မဖြစ်မနေအမြန်သွားရမည့်အချိန်တွင်သာ လေယာဉ်ဖြင့်သွားဖြစ်တော့ကြောင်း ရန်ကုန်မြို့သို့ ခရီးသွားလေ့ရှိသည့် ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။

“ကျန်းမာရေးအရ သွားရမယ်ဆိုမှ လေယာဉ်ခရီးစဉ်တွေနဲ့သွားဖို့ စိတ်ကူးမိတော့တယ်”ဟု ၎င်းက ပြောသည်။

ကော့သောင်း-ထားဝယ် မှန်လုံကားလက်မှတ်မှာ တစ်ဦးလျှင်ကျပ်ရှစ်သောင်း ဈေးပေါက်နေပြီး ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက် တစ်ဦးလျှင် ကျပ်ငါးသောင်း ပေါက်ဈေးရှိနေသည်။

ထို့အပြင် လမ်းခရီးတစ်လျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်အပါအဝင် လက်နက်ကိုင် တပ်ဂိတ်များတွင်လည်း ငွေကြေးပေးပြီးမှ သွားလာခွင့်ရသည်။

ကော့သောင်း-မြိတ် လမ်းပိုင်းတွင်လည်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် ရေကြောင်းနှင့် လေကြောင်းလမ်းကို အဓိကထား အသုံးပြုကာ ခရီးသွားလာနေကြပြီး ကော့သောင်း-မြိတ် လေယာဉ်လက်မှတ် ဈေးနူန်းမှာလည်း ကျပ်လေးသိန်းကျော်ဈေးပေါက်နေသည်။