မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ တိုးချဲ့ရပ်ကွက်၊ စေတနာလမ်း ရှိ လှသီရိ – ၂ တည်းခိုခန်းတွင် ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်တွင် တွေ့ရှိရကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများ ထံမှသိရသည်။
သေဆုံးသူသည် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာမှ အသက် ၂၅ နှစ်အရွယ် ကိုမြတ်ထွေး ဖြစ်ပြီး ၎င်းသည် လှသီရိ တည်းခိုခန်းတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက မန်နေဂျာလုပ်နေသူဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူများနှင့် မိတ်ဆွေများကပြောသည်။
“တည်ခိုခန်းပိုင်ရှင်က အခန်း သော့ဖွင့်ကြည့်မှသိတယ်။ အပြင်သော့ခတ်ပြီး ထားခဲ့တယ်။ပိုက်ဆံတွေ ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်။ လုယက်မှု ဖြစ်နိုင်တယ်” ဟု သေဆုံးသူ၏ ဆွေမျိုး နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူတွင် ဓားဖြင့်ထိုးထားသောဒဏ်ရာ ဆယ်ချက်ကျော်တွေ့ရှိရကြောင်း ၎င်းကပြောဆိုသည်။
စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ရုပ်အလောင်းအား လာရောက်စစ်ဆေးမှုပြုလုပ်ပြီးနောက် ရုပ်အလောင်းကို ရှင်သန်ခြင်း ပရဟိတအသင်းနှင့် ဝဋံသကနာရေးကူညီမှု အသင်းတို့က မြိတ်မြို့ စစ်တပ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့သည်။
“ရဲတွေ စစ်ဆေးပြီးမှ ကျွန်တော်တို့ကို ဆက်သွယ်တယ်။ ကျွန်တော်ရောက်တဲ့အချိန် မြင်ရတာက တည်းခိုခန်း အခန်းတစ်ခုထဲမှာ အမျိုးသား တစ်ယောက် ပက်လက်အနေအထားနဲ့ သေနေတယ်။ ဓားဒဏ်ရာနဲ့ သွေးတွေလည်းကျနေတယ် ” ဟု ရုပ်အလောင်း သယ်ယူပေးရာတွင် ပါဝင်သည့် ပရဟိတအသင်းဝင် တစ်ဦး ကပြောသည်။
ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုပြုလုပ်ထားပြီး မည်သူမည်ဝါ က သတ်ခဲ့သည်ကိုမူ သီးခြား အတည်မပြုနိုင်သေးကြောင်း သေဆုံးသူ၏ ဆွေမျိုးနီးစပ်သူများ ကဆိုသည်။







