BREAKING
May 29, 2025

ထားဝယ်အထူးစီးပွားရေးဇုန်က ဒေသခံတစ်ဦး အသတ်ခံရမှု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ထိန်းသိမ်း

May 28, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဗျစ်နီရွာသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုက ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူမှာ အသက် ၅၁ နှစ်အရွယ် ဦးအေးစိုး (ခေါ်) ဦးကျော်သူရဖြစ်ကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူများက ပြောသည်။

မေလ ၁၃ ရက် ညပိုင်းတွင် ဦးအေးစိုး ဥယျာဉ်ခြံတဲတွင် ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး လိုက်လံစုံစမ်းရှာဖွေသော်လည်း ၁၀ ရက် ကျော်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

မေလ ၂၅ရက်တွင်မူ မူးဒူးရွာ ရပ်မိရပ်ဖတစ်ဦးက ဦးအေးစိုး၏ ရုပ်အလောင်းမြေမြှုပ်ထားသည့် နေရာအား ရှာဖွေတွေ့ရှိ သည်ဟု ဆက်သွယ်လာသဖြင့် သွားရောက်ဖော်ယူ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။

ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်ရာ မည်သည့်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်ကို အတည်ပြု၍ မရတော့ကြောင်း အလောင်းအား မျက်မြင်တွေ့ရသူများက ဆိုသည် ။

ဦးအေးစိုး မပျောက်ဆုံးမီ ရက်သတ္တပတ်အလိုတွင် မူးဒူးရွာလမ်းပိုင်း၌ ဗျစ်နီရွာက ဘုန်းကြီးတစ်ပါးနှင့်အတူ ကားဖြင့်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တား၍ ကားကို သိမ်းဆည်းခဲ့ကြောင်း စုံစမ်းသိရသည်။

ကားကို သိမ်းဆည်းရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့် ဥသြအဖွဲ့ဟု ဒေသတွင်း လူသိများသည့် A Zreo ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

A Zreo တပ်ဖွဲ့က ကားကို တားဆီးကာ သိမ်းဆည်းခဲ့ပြီး ယင်းနောက် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံ လွှဲပြောင်းပေးခဲ့ ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် Dawei Watch က ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးအား အတည်ပြုမေးမြန်းရာတွင် ကားကို သိမ်းဆည်းမှုမှာ မှန်ကန်ကြောင်း ပြောဆိုသည်။

“ကားကို သိမ်းလိုက်တာမှန်ပါတယ်။ အဲဒီကားက ပိုင်ရှင်ရှိတယ်။ ပိုင်ရှင်က လဲရှောင်ရွာဘက်ကပါ။ စစ်သားတွေက အဲဒီကားကို သိမ်းပြီး အောက်စျေးနဲ့ ပြန်ရောင်းစားထားတယ်။ ကျွန်တော်တို့က သိမ်းပြီး ပိုင်ရှင်ဆီ ပြန်ပေးတာပါ” ဟု ၎င်းက ဖြေကြားသည်။

သို့သော် ဦးအေးစိုး အသတ်ခံရမှုသည် ၎င်းတို့အဖွဲ့နှင့် မသက်ဆိုင်ကြောင်း၊ အသတ်ခံရမှုဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး အဖမ်းခံရထားရသည့် အခြေအနေနှင့် ပတ်သက်၍လည်း မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

ဘုန်းကြီးကျောင်းအတွက် အသုံးပြုရန် ဦးအေးစိုးသည် စစ်ကောင်စီတပ်သားများထံမှ အန်စာတုံးကားတစ်စီး ဝယ်ယူပေး ထားသည်မှာ မှန်ကန်ပြီး ကားတွင် “ဗျစ်နီဘုန်းကြီးကျောင်း” ဟု အမည်ရေးထိုးထားကြောင်း ဦးစိုးအေး၏ မိသားစုနှင့် နီးစပ်သူများက ဆိုသည်။

“ကားအဝယ်မှားလို့ ကားသိမ်းမယ်ဆိုလည်းသိမ်းရတယ်။ ဒါပေမယ့် ဘာကြောင့် လူကိုဖမ်းပြီးသတ်တာလဲ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံတစ်ခုလိုချင်တယ်။ ဒီဒေသမှာ ကိုအေးစိုးမှာ ဘာရန်ညှိုးရန်စမှလည်း မရှိဘူး” ဟု မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကိုအေးစိုးအား ဖမ်းဆီးသတ်ဖြတ်ကာ မြေမြှုပ်အလောင်းဖျောက်ခဲ့သည့် A Zero တပ်ဖွဲ့ဦးဆောင်သူ ဥဩ အပါအဝင်နှစ်ဦးကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ဗထူးတပ်ဖွဲ့နှင့် ဘိုးတော်အဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ဒေသခံတို့နှင့် တော်လှန်ရေးအင်အားစုအချို့ထံမှ သိရသည်။

ဖမ်းဆီးထားသော A Zero အဖွဲ့ ရဲဘော်နှစ်ဦး ပတ်သက်၍ ဗထူးတပ်မတော် ပြန်ကြားရေး တာဝန်ရှိသူ ကိုထက်မြက်ထံ Dawei Watch က ဖုန်းဆက်မေးမြန်းခဲ့ရာ ဖြေကြားနိုင်ခြင်း မရှိကြောင်းသာ တုန့်ပြန်ခဲ့သည်။

ဦးအေးစိုး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နှင့် အသက် ၁၈နှစ် မပြည့်သေးသည့် ကလေးနှစ်ဦး အပါအဝင် သားသမီး ရှစ်ဦး ကျန်ရစ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။