တနင်္သာရီမြို့နယ် သမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မေလ ၂၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် တနင်္သာရီမြို့မှ သမုတ်ချုံးရွာဘက်သို့ စစ်ကောင်စီတပ် ရိက္ခာနှင့် စစ်ကူများ တင်လာသည့် စစ်ကားသုံးစီးလာချိန် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးများက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ကသည်။
အဆိုပါစစ်ကောင်စီ ရိက္ခာနှင့် စစ်ကူများပါလာသည့် ယာဉ်တန်းဖြတ်သန်းသွားပြီးမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ် လမ်းကင်းယူထားသည် တောင်ကုန်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ် ယောင်္ကျားလေးတစ်ဦး သေဆုံးသွားကြောင်း အသက် ၃၅ နှစ်အရွယ်အရွယ် ဒေသခံတစ်ဦးက ဆိုသည်။
“သားငယ် (ကလေး) က ခြံထဲကိုသွားဖို့ အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတယ်။ အရှေ့နားရောက်တာနဲ့ ပစ်ခံထိတယ်။ ဦးနှောက်မှာထိပြီး ပွဲချင်းပြီးသေသွားတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ထို့အပြင် အသက် ၄၀ကျော်အရွယ် သမုတ်ချုံးရွာသူ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားပြီး မြိတ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
“(စကစ)ကားသုံးစီးတက်လာပြီး သေနတ်သံတွေ စကြားရတယ်။ တိုက်ပွဲဖြစ်ပြီး ခဏငယ်(လေး)ကြာမှ တောင်ကုန်းပေါ်ကနေ ရွာထဲရမ်းသမ်းလိုက်ပစ်တယ်” ဟု ၎င်းက ပြောသည်။
သမုတ်ချုံးရွာမှာ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင် တည်ရှိသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအချို့ရှိသော်လည်း အတိအကျမသိရသေးသလို တော်လှန်ရေးတပ်များ ဘက်က ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်၏ ကား ၃ စီးပါ ယာဥ်တန်းကလည်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာသို့ ဆက်လက်မောင်းနှင်သွားကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။