သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ မင်းဒပ်ရွာကို ယနေ့ မေလ ၂၈ ရက် နံနက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရွာခံအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် ဝင်းဝစခန်းက စစ်ကောင်စီတပ်သားများ မင်းဒပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒေသခံ ခုနစ်ဦးခန့်ကို ဖမ်းဆီးထားသည်ဟု ကြားရကြောင်း မင်းဒပ်ရွာအနီး ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများကြားရပြီး ယင်းပစ်ခတ်သံများမှာ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု သတင်းများထွက်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။
လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများ ကြားရပြီးနောက်ပိုင်းတွင် စစ်ကြောင်းမှာ မင်းဒပ်ရွာသို့ ရောက်ရှိလာကြောင်း ၎င်းတို့က ပြောဆိုသည်။
ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ လွတ်မြောက်သွားပြီး သေနတ်တစ်လက် သိမ်းဆည်းခံရသည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံအချို့က ဆိုသည်။
“အခုလက်ရှိ စစ်တပ်က မင်းဒပ်ရွာထဲမှာ ထမင်းတည်စားပြီး စခန်းချထားတယ်” ဟု မင်းဒပ်ရွာသားတစ်ဦးက ပြောသည်။
ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းခံရသည်ဆိုပြီး သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
စစ်ကြောင်း ဝင်ရောက်မှု အခြေအနေကို စောင့်ကြည့်ကာ လိုအပ်ပါက ထွက်ပြေးတိမ်းရှောင်ရန် အသင့်ပြင်ထားရကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။
“ဒီဘက်ကို ဆက်ထိုးလာမလားလို့ ဦးလေးတို့လည်း စောင့်ကြည့်နေတယ်” ဟု မင်းဒပ်ရွာအနီး ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မေလ ၂၆ရက်ကလည်း မင်းဒပ်၊ ချောင်းဝပြင်ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး မင်းဒပ်ရွာ ထဲတွေ့သည့် အသက် ၅နှစ်အရွယ် ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသားစုစုပေါင်း ဒေသခံ ၁၅ဦးခန့်ကို ဖမ်းဆီးခဲ့ သည်။
ည ၈ နာရီခန့်တွင် ဝင်းဝတံတားဘက်သို့ ပြန်လည်ဆုတ်ခွာသည့်အချိန်အထိ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယင်းနောက် ရဟန်း တစ်ပါးမှလွဲ၍ ကျန်ဒေသခံများကို ပြန်လွှတ်ခဲ့ကြောင်း မင်းဒပ်ရွာက အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
သက်တော် ၆၀ ကျော်ရှိသည့် အဆိုပါရဟန်းကိုမူ ဝင်းဝစခန်းတွင် ဆက်လက်ခေါ်ယူထားကြောင်း ၎င်းက ပြောသည်။
မင်းဒပ်ကျေးရွာသည် ဝင်းဝတံတားစစ်ဆေးရေးဂိတ်နှင့် တစ်ဆက်တည်းရှိနေပြီး ဝင်းဝနယ်မြေရဲစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်များ မကြာခဏလာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်လေ့ရှိသဖြင့် ဒေသခံအများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
“ကျွန်တော်တို့ရွာက ဒေသခံသုံးပုံနှစ်ပုံဟာ တခြားရပ်ရွာတွေကို ပြောင်းရွှေ့ကုန်တာကြာပြီ” ဟု မင်းဒပ်ရွာ ဒေသခံအမျိုးသားက ပြောသည်။
ကျေးရွာတွင် ကျန်ရှိသည့် ဒေသခံများမှာလည်း အရေးကိစ္စရှိလျှင် ရွာသို့လာပြီး လုံခြုံရေးအခြေအနေ စိတ်မချရသဖြင့် အခြားနေရာများတွင် သွားရောက်ညအိပ်ရလေ့ရှိကြောင်း ၎င်းက ဆိုသည်။