ပုလောမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဆင်ထိုးကြီးရွာက အမျိုးသားတစ်ဦး ယနေ့ မေလ ၂၈ရက် နံနက်ပိုင်းတွင် ဥယျာဉ်ခြံသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ နံနက် ၈ နာရီကျော်တွင် ဆင်ထိုးကြီးရွာအနောက်ကမ်းက အသက် ၇၀ ခန့်အရွယ် ဦးမောင်လေး မိုင်းနင်းမိသည့် ဒဏ်ရာဖြင့် သတိမရသဖြင့် ပလောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“မိုင်းထိတာက ရင်ဘတ်မှာလို့ပြောတယ်။ ဆေးရုံကိုယူသွားတဲ့အထိ သတိမရဘူးတဲ့။ သေမလား ရှင်မလား မသိသေးဘူး။ သူတို့ခြံက ရွာထဲမှာပဲ၊ အရင်ကလည်း သွားနေကျပဲ။ လုပ်ပေးစား (ရှာဖွေကျွေးမွေး) တဲ့ သားသမီးလည်းမရှိဘူးဆိုတော့ ခြံထဲသွားရှာစားမှ စားရမယ်လေ” ဟု ၎င်းက ပြောဆိုသည်။
ဆင်ထိုးကြီးရွာအနီးသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁ရက်မှ နိုဝင်ဘာလနောက်ဆုံးပတ် အထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ဆင်ထိုးကြီးရွာတွင် KLNA တပ်စွဲထားပြီး ယင်းအနီးရှိ ဘုရင့်တောင်ရွာတွင်မူ စစ်ကောင်စီတပ် တပ်စွဲထားသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံများကို KNLA က ပြီးခဲ့သည့် မတ်လ ၃ရက်တွင် ပြန်လည်နေထိုင်ခွင့်ပြုခဲ့သည်။ ကျေးရွာအတွင်း ဒေသခံအချို့ ပြန်လည်နေထိုင်ပြီးနောက် ဦးမောင်လေးအပါအဝင် မြေမြှုပ်မိုင်းနင်းမိသူ လေးဦးအထိ ရှိလာသည်။
မတ်လထဲတွင် ဆင်ထိုးကြီးရွာသား ကိုပြုံးဆန်းအောင်၊ ဒေါ်စန်းရီနှင့် ဧပြီလ ၃ရက်တွင် ဦးသိန်းသိန်းတို့ မြေမြှုပ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
KNLA က ဒေသခံများကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ပြုသော်လည်း မြေမြှုပ်မိုင်း နင်းမိသည့် ဖြစ်စဉ်များ မကြာခဏရှိနေသဖြင့် ဒေသခံအများစု ကျေးရွာသို့ မပြန်ရဲဘဲ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဆင်ထိုးကြီးရွာတွင် တပ်စွဲနေထိုင်ခဲ့သည့် KNLA က ရွာအတွင်းနှင့် ဥယျာဉ်သွားသည့်နေရာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ပြီး မိုင်းရှိသည့်နေရာများကို မသွားလာကြရန် ဒေသခံများမှတစ်ဆင့် ပြောဆိုမှုများရှိခဲ့သော်လည်း မည်သည့်နေရာတို့တွင် ထောင်ထားသည်ကို အတိအကျမသိကြကြောင်း ဒေသခံများက ဆိုသည်။
KNLA ဘက်ကမူ ဆင်ထိုးကြီးရွာတွင် KNLA က ထောင်ထားသည့်မိုင်းများရှိသလို စစ်ကောင်စီဘက်က ထောင်ထားသည့် မိုင်းများလည်းရှိကြောင်း Dawei Watch သို့ ဖြေကြားဖူးသည်။
ဒေသခံများမှာ ဥယာဉ်ခြံများနှင့် မူလအလုပ်အကိုင်များကို လုပ်ကိုင်ခွင့်မရသဖြင့် နေရေးစားရေး အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အချို့မှာ ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းကြကြောင်း ဒေသခံများထံမှ သိရသည်။