ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
သေဆုံးသူကလေးငယ်မှာ ထားဝယ်မြို့ ၊ကျောက်မော်ရပ်ကွက်၊ မြစေတီဘုရားလမ်းတွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီး၌ အဖျားရောဂါဖြင့် ဆေးကုသနေမှုခံယူနေစဉ် မေလ ၂၇ ရက်နေ့ ညနေပိုင်း၌ သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော် ဒီမနက် သွေးလိုအပ်လို့ သွေးလာပို့ပေးတော့မှာ ကလေးက ဆုံးသွားပြီလို့ သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။
ထားဝယ်မြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယခုသီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ မြင့်တက်လျက်ရှိပြီး လသားအရွယ်မှ ဆယ်ကျော်သက်အရွယ်ရှိ ကလေးများ ဖြစ်ပွားနေကြောင်း၊ သွေးရရှိရန်အရမ်းခက်ခဲနေကြောင်း သွေးလှူရှင်အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
“သွေး ၁၀ လုံးတောင်းရင် ၈ လုံးက သွေးလွန်တုပ်ကွေးအတွက်ပဲ ဖြစ်တယ်။ တစ်နေ့ကို သွေးအလုံး ၂၀ တောင်းရင် ရှာပေးနိုင်တာ ၁၀ လုံးလောက်ပဲရှိတော့တယ်”ဟု သွေးလှုရှင်အဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။

မိုးရာသီတွင်အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီး ကျမ်းမာရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များသည် ဖြစ်ပွားမှုနှုန်းမြင့်နေသည့် ထားဝယ်မြို့ပေါ် လွမ်းခြုံနိုင်ခြင်းမရှိသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။
“အခုက ဖြစ်တဲ့နေရာလောက်ပဲ သွားနေတာ တွေ့ရတယ်။ အမှန်က ဒီလောက်ရောဂါ ဖြစ်နှုန်းများနေချိန်မှာ မြို့လုံးကျွတ် ခြင်ဆေးဖြန်းတာမျိုး လုပ်ပေးနိုင်ရင်ပိုကောင်းတယ်”ဟု ယင်းမြို့ခံအမျိုးသားကပြောသည်။
ထားဝယ်မြို့တွင် ယခုနှစ် မိုးဦးရာသီအစလဖြစ်သော မေလအတွင်းပင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသည့် ကလေးမှာ သုံးဦးအထိရှိလာပြီဖြစ်သည်။
ယင်းအပြင်ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင်လည်းမြိတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက် ၄ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးတစ်ဦးသေဆုံးခဲ့သေးသည်။