BREAKING
May 29, 2025

ကျောင်းသားဗီဇာ လျှောက်ထားသူများကို ရက်ချိန်းပေးမှု အမေရိကန် ရပ်ဆိုင်း

May 28, 2025

နိုင်ငံတကာရှိ အမေရိကန်သံရုံးများတွင် ကျောင်းသားဗီဇာလျှောက်ထားသူများအတွက် ရက်ချိန်းပေးမှုကို ရပ်ဆိုင်းရန် ထရမ့်အစိုးရက မေလ ၂၇ ရက်နေ့က အမိန့်ထုတ်လိုက်သည်။

ယင်းမှာ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားရန် ကျောင်းသားဗီဇာလျှောက်ထားသူများ၏ ဆိုရှယ်မီဒီယာအကောင့်များတွင် ထရမ့်အစိုးရကို ဝေဖန်ထားခြင်းရှိမရှိ စစ်ဆေးကြည့်ရှုရန်အတွက် ယင်းသို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ အမိန့်မှာ နောက်ထပ်ညွှန်ကြားချက် မထွက်ပေါ်သရွေ့ ဆက်ရှိနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောဆိုကြောင်း သိရသည်။

အမေရိကန်တက္ကသိုလ်ကျောင်းသားဗီဇာနှင့် နိုင်ငံခြား exchange program ဗီဇာများအတွက် ဆိုရှယ်မီဒီယာအကောင့်များအား စစ်ဆေးကြည့်ရှုမှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရက်ချိန်းမရသေးသည့် ကျောင်းသားဗီဇာလျှောက်ထားမှုအားလုံးကို ပယ်ဖျက်ရန် ၊ ရက်ချိန်းရထားပြီးသား ဗီဇာလျှောက်ထားမှုများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

ကျောင်းသားဗီဇာလျှောက်ထားသူအားလုံး၏ ဆိုရှယ်မီဒီယာအကောင့်များကို စစ်ဆေးစောင့်ကြည့်မှုများ တိုးချဲ့ဆောင်ရွက်သွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်းလည်း သိရသည်။

အင်္ဂါနေ့က အမိန့်မှာ အမေရိကန်သံရုံများနှင့် ကောင်စစ်ဝန်ရုံးများအတွက် ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာဖွယ် ရှိနေသည်။

အမေရိကန်ထိပ်သီးတက္ကသိုလ်များနှင့် သမ္မတထရမ့်အကြား ပဋိပက္ခ ပေါ်ပေါက်နေချိန်တွင် အဆိုပါ အမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ထိပ်သီးတက္ကသိုလ်အချို့မှာ တက္ကသိုလ်ပရဝုဏ်အတွင်း ဂျူးဆန့်ကျင်ရေးစိတ်ဓာတ်များကို အထောက်အပံ့ပြုနေပြီး ခွဲခြားဆက်ဆံသည့် ကျောင်းဝင်ခွင့်မူဝါဒများ ကျင့်သုံးလျက်ရှိသည်ဟု ထရမ့်က ဆိုသည်။

Source: BBC