BREAKING
May 29, 2025

ကော့သောင်းတွင် မိုးသည်း၍ နှစ်ချို့မန်ကျည်းပင်ကြီး ဘုန်းကြီးကျောင်းပေါ်လဲကျ

May 28, 2025

ဓာတ်ပုံ - တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာန

ကော့သောင်းမြို့တွင် မေလ ၂၇ ရက်‌ နေ့က မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ချို့ မန်ကျည်းပင်ကြီး အမြစ်ကျွတ်ထွက်ပြီး ဘုန်းကြီးကျောင်းဆောင်ပေါ်လဲကျခဲ့ကြောင်း တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာနက ယနေ့ နံနက်ထုတ်ပြန်သည်။

အဆိုပါ မန်ကျည်းပင်မှာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိပြီး မေလ ၂၇ နေ့လယ် ၁၀ နာရီဝန်းကျင်၌ မိုးသည်းထန်စွာရွာနေချိန် အမြစ်မှကျွတ်ထွက်လဲကျသွားခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

“ဒီအပင်က ယောက်ျားတစ်ယောက် လက်နှစ်ပွေ့ လောက်ရှိတယ်၊ ကျောင်းနံဘေးကကုန်းပေါ်မှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရှိနေတာ၊ မနေ့ကမိုးကကြီးတော့ အမြစ်ကနေ ကျွတ်ထွက်ပြီး ကျောင်းပေါ် လဲကျသွားတာ”ဟု ယင်းအမျိုးသားကပြောသည်။

ယင်းမန်ကျည်းပင်မှာ လုံးပတ် ၉ ပေနှင့် အမြင့် ပေ ၅၀ ခန့်ရှိပြီး ဘုန်းကြီးကျောင်းဆောင်ပေါ် လဲကျခြင်းခြင်းကြောင့် ဘုန်းကြီးကျောင်း အမိုးနှင့် ကျောင်းဆောင်အတွင်း ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိကြောင်း တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာနနှင့် မြို့ခံများထံမှသိရသည်။

မန်ကျည်းပင်လဲကျချိန် ကိုရင် နှင့်ဘုန်းကြီးကျောင်းသားများ ဆွမ်းခံထွက်နေချိန်ဖြစ်ခြင်းကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် မေလ ၂၇ ရက်နေ့က တစ်နေ့ပတ်လုံးမိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ကော့သောင်းမြို့ခံများကပြောသည်။

“မနေ့က မိုးတစ်နေကုန် ရွာတယ် ဒီနေ့ တော့မနက်ပိုင်းနေသာနေတယ်”ဟု ယင်းမျို့ခံကပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုန်လေအားကောင်းခြင်းတို့ကြောင့် ဇွန်လဆန်းအထိ တနင်္သာရီတိုင်းအပါဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ မိုးထစ်ချုန်းခြင်း၊ မိုးကြီးခြင်းများဖြစ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည် ။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခိုက်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနှင့် မြစ်ချောင်းများအနီးတွင် နေထိုင်ကြသူများလည်း ကြိုတင်သတိပြု ရှောင်ရှားကြရန်သတိပေးထားသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ညနေ့ပိုင်းကလည်း ထားဝယ်မြို့ ဆန်းချီရပ် ပင်လုံအိမ်ယာအနီးရှိ လူသွားလမ်းပေါ်သို့ သစ်ပင်တစ်ပင် အမြစ်ကျွတ်ထွက်လဲကျမှု ဖြစ်ပေါ်ခဲ့သေးသည်။

ထားဝယ်မြို့နှင့်အနီးတဝိုက်တွင်မူ ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း မြို့ခံ များထံမှသိရသည်။