BREAKING
May 29, 2025

တနင်္သာရီအပါအဝင် နိုင်ငံအနှံ့ မိုးကြီးရေလျှံနှင့် မြေပြိုမှုအန္တရာယ်ရှိနိုင်ကြောင်း သတိပေး

May 28, 2025

ဓာတ်ပုံ - Dawei Watch

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုန်လေ အားကောင်းခြင်းတို့ကြောင့် ဇွန်လဆန်းအထိ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် မေလ ၂၇ ရက်က စဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ကာ ပိုမိုအားကောင်း လာနိုင်ကြောင်း မိုးဇလက ယနေ့ မေလ ၂၈ ရက် နံနက်တွင် ထုတ်ပြန်ထားသည် ။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ၊ မြစ်ချောင်းများအနီးတွင် နေထိုင်ကြ သူများ ကြိုတင်သတိပြုရှောင်ရှားရန် အထူးမိုးလေဝသ သတိပေးချက်ဖြင့် မေလ ၂၇ရက်ညတွင် သတိပေးထားသည်။

ယင်းအပြင် မိုးကြိုးပစ်ခြင်း ၊ လျှပ်စီးလက်ခြင်း ၊ မိုးသီးကြွေခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။

တနင်္သာရီတိုင်းတွင် သင်္ကြန်ကာလပြီးကတည်းကစ၍ မိုးရွာသွန်းနေပြီဖြစ်ပြီး ရေကြီးရေလျှံမှု မကြုံရသေးသော်လည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးခြင်း ၊ မိုးကြိုးပစ်ခံရခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ခဲ့ရကြောင်း ဒေသအခြေစိုက် မီးသတ်ဦးစီးဌာန နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည် ။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်စီမခံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းကာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မေလ ၂၇ ရက်ညက ထုတ်ပြန်ထားသည်။

အထူးအားဖြင့် တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ကရင်နှင့် ကရင်နီ ဒေသ တို့တွင် နေရာကွက်၍မိုးကြီးနိုင်သဖြင့် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုသင့်ကြောင်း ဖော်ပြသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်လည်း မကြာခဏ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုသင့်ကြောင်း စစ်ကောင်စီ မိုးဇလက တိုက်တွန်းထားသည် ။

မေလ ၁၃ ရက်ကစ၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သါရီဒေသ ကို စတင် ဝင်ရောက်ခဲ့သည့်အနောက်တောင် မုတ်သုံလေ သည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ မေလ ၂၅ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း စစ်ကောင်စီ မိုးဇလ ထံမှ သိရသည် ။

တနင်္သာရီဒေသသည် နှစ်စဥ် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု အန္တရာယ် ကြုံတွေ့ကြရသည့် ဒေသဖြစ်ပြီး FE5 Tanintharyi သုတေသနအဖွဲ့၏ ယခုနှစ် ဧပြီလ အထိကောက်ယူထားသည့် စာရင်းအရ တနင်္သာရီတိုင်းတွင် နေ့ရပ်စွန့်ခွာနေရသူ ခုနစ်သောင်းခွဲကျော် ရှိကာ အများစုသည် အမိုးအကာ မလုံလောက်သည့် အခက်အခဲကို ရင်ဆိုင်နေရကြောင်း ယင်းအဖွဲ့၏ လစဥ် အစီအရင်ခံစာတွင် ဖော်ပြသည်။