ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆီဂယက်ကြောင့် အ‌ခြေခံစားကုန်များ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

March 28, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်၊ ဆီ၊ ကြက်သွန်စသည့် စားသောက်ကုန်အများစု ဈေးတက်လျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၂၂ရက်က ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၁၆,၀၀၀ကျပ်စျေးရှိရာမှ ယခုသီတင်းပတ် မတ်လ ၂၈ရက်တွင် ၁၁၇,၀၀၀ကျပ် ဖြစ်လာသည်။ တစ်ပတ်အတွင်း တစ်အိတ်လျှင် ကျပ်တစ်ထောင် စျေးတက်သည်။

တိုင်းပြင်မှ တင်သွင်းသည့် ဆန်များဖြစ်သည့် ချန်ပီယံ ဖျာပုံပေါ်ဆန်းဆန်မှာလည်း ပြီးခဲ့သည့်သီတင်းပတ်က တစ်အိတ်လျှင် ၁၅၃,၀၀၀ ကျပ်မှ ယခု ၁၆၉,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) အမှတ်တံဆိပ်ဆန်မှာ တစ်အိတ်လျှင် ၂၃၂,၀၀၀ကျပ်မှ ၂၄၁,၀၀၀ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း ချန်ပီယံဖျာပုံပေါ်ဆန်းဆန်တစ်အိတ်လျှင် ၁၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင်မိုရ်) ဆန်တစ်အိတ်လျှင် ကိုးထောင်ကျပ် အသီးသီးဈေးတက်သွားသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပထုတ် စားသုံးဆီများမှာလည်း ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လျက်ရှိသည်။

မတ်လ ၂၂ ရက်က ပြည်တွင်းထုတ် အမေထွားအမှတ်တံဆိပ်ပဲဆီ တစ်လီတာ ၁၄၀၀၀ ကျပ်မှ မတ်လ ၂၈ရက်တွင် ၁၆၂၀၀ကျပ်ဖြစ်လာပြီး တစ်ပတ်အတွင်း ၂၂၀၀ကျပ် ဈေးတက်သွားသည်။

ပြည်ပက တင်သွင်းသည့် ပုစွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီတစ်လီတာလျှင် သုံးရာကျပ်၊ ပဲလုံးတံဆိပ်စားသုံးဆီ တစ်လီတာလျှင် ၁၅၀၀ ကျပ် ဈေးတက်လာသည်။

မတ်လ ၂၂ ရက်က ပုစွန်နှစ်ကောင် စားသုံးဆီတစ်လီတာ ၈၉၀၀ကျပ်မှ မတ်လ ၂၈ ရက်တွင် ၉၂၀၀ကျပ်၊ ပဲလုံး စားသုံးဆီ တစ်လီတာ ၈၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားကြခြင်း ဖြစ်သည်။

ထို့နည်းအတူ ကြက်သွန်များမှာလည်း စျေးတက်နေသည်။

ကြက်သွန်နီရိုးရိုး၊ မြစ်သားကြက်သွန်နီ၊ ကြက်သွန်ဖြူကြူကုတ်၊ ရွှေအပ်ငရုတ်သီးအခြောက်တို့မှာ တစ်ပိဿာ ငါးရာကျပ်စီ ဈေးတက်ပြီး ငရုတ်ပုအခြောက်မှာ တစ်ပိဿာလျှင် တစ်ထောင်ကျပ် ဈေးတက်လျက်ရှိသည်။

မတ်လ ၂၂ရက်က ကြက်သွန်နီရိုးရိုးတစ်ပိဿာ ၃၀၀၀ကျပ်မှ မတ်လ ၂၈ရက်တွင် ၃၅၀၀ကျပ်၊ မြစ်သားကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်မှ ၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ ရွှေအပ် ငရုတ်သီးအခြောက် တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်၊ ငရုတ်ပုအခြောက် တစ်ပိဿာ ၃၁၀၀၀ ကျပ်မှ ၃၂၀၀၀ကျပ်သို့ အသီးသီးဈေးတက်သွားကြခြင်းဖြစ်သည်။

ယခုသီတင်းပတ်၌ ထားဝယ်ဈေးကွက်အတွင်း အခြေခံစားသောက်ကုန် အများစု ဈေးမြင့်တက်နေခြင်းဖြစ်ပြီး ယခု‌ ဖော်ပြချက်မှာ လူသုံးများသည့် အခြေခံစားသောက်ကုန်အချို့ကိုသာ ရွှေးချယ်ဖော်ပြလိုက်ခြင်းဖြစ်သည်။

အခြားစားသောက်ကုန်အချို့၏ ဈေးနှုန်းများကို ဇယားတွင် ဖော်ပြထားပါသည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲ လေးပတ်ခန့်ကြာလာပြီးသည့်နောက် ကမ္ဘာတစ်ဝန်းလောင်စာဆီ အခက်အခဲ ဖြစ်ပေါ်နေဆဲဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း လောင်စာဆီအခက်အခဲကြောင့် အဓိကအသက်သွေးကြော လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းများ ရပ်နားလာရသည်။

စက်သုံးဆီ ပြတ်လပ်ပြီး စျေးတက်ခြင်း၊ ဝယ်ယူရခက်ခဲခြင်း စသည်တို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ် မြင့်တက်မှုများကြောင့် အခြေခံစားသောက်ကုန်များအပေါ် ကြီးကြီးမားမားရိုက်ခတ်လျက်ရှိသည်။