ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုဖြင့် နီပေါဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီး

March 28, 2026

Photo – Reuters

နီပေါဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီအား ယမန်နှစ် စက်တင်ဘာလက အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် ယနေ့ မတ်လ ၂၈ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၎င်းနှင့်အတူ ပြည်ထဲရေးဝန်ကြီးဟောင်း ရာမက်ရှ်လက်ခပ်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလက အစိုးရဆန့်ကျင်ရေးလူထုအုံကြွမှုနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲရလဒ်အရ တက်လာသည့် နီပေါဝန်ကြီးချုပ်သစ် ဘာလန်ဒရာရှာနှင့် ၎င်း၏ အစိုးရအဖွဲ့သည် မတ်လ ၂၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ယင်းနောက် တစ်ရက်အကြာတွင် ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“သူတို့ကို ဒီမနက်မှာပဲ ဖမ်းဆီးလိုက်ပါပြီ။ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု နီပေါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFPသတင်းဌာနသို့ ပြောသည်။

ယမန်နှစ် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖြစ်ပွားခဲ့သော လူငယ်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုအတွင်း အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် အနည်းဆုံး လူ ၇၆ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတစ်ခုက ဖော်ပြသည်။

အဆိုပါ ဆန္ဒပြပွဲများ၏ ပထမဆုံးနေ့ နှိမ်နင်းမှုအတွင်းမှာပင် လူငယ် ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အိုလီ၏ နီပေါအစိုးရက ဆိုရှယ်မီဒီယာခေတ္တပိတ်ပင်လိုက်မှုကြောင့် အဆိုပါ ဆန္ဒပြပွဲများ စတင်ခဲ့သည်။

သို့ရာတွင် နိုင်ငံ့စီးပွားရေးကျပ်တည်းမှုအပေါ် နှစ်ရှည်လများ မကျေနပ်ချက်ကြောင့် လူထုအုံကြွမှုဖြစ်လာပြီး အဆိုပါ ဆန္ဒပြပွဲများကတစ်ဆင့် ဝန်ကြီးချုပ်ဟောင်း အိုလီ၏ နီပေါအစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။

ဆန္ဒပြသူများကို အင်အားသုံးပစ်ခတ်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမိန့်ပေးခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ်ဟောင်းအိုလီက ငြင်းဆိုထားသည်။

Source: AFP
Photo – Reuters
ပုံစာ – နီပေါဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီ။