ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အသက် ၁၆ နှစ်အောက်ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု အင်ဒိုနီးရှား ပိတ်ပင်

March 28, 2026

Photo: CNA

အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်သည့် အစိုးရစည်းမျဉ်းသစ်ကို ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ယင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် YouTube၊ TikTok၊ Facebook၊ Instagram၊ Threads၊ X၊ Bigo Live နှင့် Roblox တို့တွင် ကလေးသူငယ်များ အကောင့်ဖွင့်အသုံးပြုခြင်းကို ပိတ်ပင်သည့် အရှေ့တောင်အာရှ၏ ပထမဆုံးနိုင်ငံ ဖြစ်လာသည်။

ကလေးသူငယ်များ ညစ်ညမ်းစာပေရုပ်ရှင်၊ အွန်လိုင်းအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆိုရှယ်မီဒီယာစွဲလမ်းမှုကို ပိတ်ပင်တားဆီးကာကွယ်ရန် ရည်ရွယ်၍ ယခုစည်းမျဉ်းသစ်ကို အင်ဒိုနီးရှားနိုင်ငံတွင် ယခုလ အစောပိုင်းက အတည်ပြုခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာလတွင် ဩစတြေးလျက အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ကျန်ကမ္ဘာ့နိုင်ငံများကလည်း အလားတူ ပိတ်ပင်ဆောင်ရွက်လာရာတွင် အင်ဒိုနီးရှားအစိုးရလည်း ပါဝင်လာခြင်း ဖြစ်သည်။

ယခုစည်းမျဉ်းအသစ်ကို သတ်မှတ်ထားသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းအားလုံးက လိုက်နာဆောင်ရွက်လာသည်အထိ ကန့်သတ်ချက်များကို အဆင့်ဆင့် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ဆိုသည်။

အရွယ်မရောက်သေးသူများဖွင့်ထားသည့် အကောင့်များကို မတ်လ ၂၈ ရက်မှစတင်၍ စိစစ်ပိတ်သိမ်းသွားရန် X ဆိုရှယ်မီဒီယာကုမ္ပဏီဘက်က ကတိပြုထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်ရေးရာဝန်ကြီး Meutya Hafid က သောကြာနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၁၃ နှစ်အောက် အသုံးပြုသူများအတွက် အင်တာနက်မလိုဘဲ အသုံးပြုနိုင်သည့် Offline စနစ်ထားရှိရန် စီစဉ်နေကြောင်း Roblox ဆိုရှယ်မီဒီယာကုမ္ပဏီက အင်ဒိုနီးရှားအစိုးရကို အသိပေးထားသည်။

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှုပိတ်ပင်သည့် ယခုစည်းမျဉ်းအသစ်သည် လူဦးရေ ၂၈၀ သန်းခန့်ရှိ အင်ဒိုနီးရှားနိုင်ငံမှ ကလေးငယ် ၇၀ သန်းခန့်အပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်။

Source: AP/Agencies

ဓာတ်ပုံ – Indonesia starts implementing social media restrictions for children under 16 – CNA