ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် ‌အွန်လိုင်းငွေလိမ်မှုနှင့်ဆက်စပ်သည့်ငွေကို ဘဏ်ကထုတ်ယူရန်ကြိုးပမ်းမှုဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ

February 28, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အွန်လိုင်းငွေလိမ်မှုနှင့်ဆက်စပ်သည့် ငွေများကို ဘဏ်တွင် လာရောက်ထုတ်ယူရန် ကြိုးပမ်းသည်ဆိုပြီး ဖမ်းဆီးခံရသူလေးဦးတွင် မြန်မာနှစ်ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီခန့်က ချင်းမိုင်မြို့ရှိ ကရူထိုင်းဘဏ်တွင် ထိုင်းအမျိုးသမီးတစ်ဦးက ဘတ်ငွေ သုံးသိန်း လာရောက်ထုတ်ယူစဉ် ဘဏ်ဝန်ထမ်းက မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ကြောင်း ဆိုသည်။

ဘဏ်ဝန်ထမ်းက ငွေကြေးဝင်လာသော အရင်းအမြစ်ကို မေးမြန်းရာ ငွေထုတ်ယူသူက မဖြေကြားနိုင်ခြင်း၊ ဘဏ် အကောင့်သည် ယခင်က ငွေကြေးလိမ်လည်မှုနှင့် ပတ်သက်၍ တိုင်ကြားခံရသော ဘဏ်အကောင့် ဖြစ်နေခြင်းတို့ကြောင့် တိုင်တန်းခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးစဉ် ထိုင်းအမျိုးသမီးက ဘတ်ငွေ သုံးသိန်းသည် သူမ၏ ကိုယ်ပိုင်ငွေများ မဟုတ်ဘဲ အခြားသူများ၏ ခိုင်းစေချက်ကြောင့် လာရောက်ထုတ်ယူခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း ဖော်ပြသည်။

ဘဏ်အကောင့်သည်လည်း အခြားသူများ ဖွင့်ခိုင်းခဲ့သဖြင့် ဖွင့်ထားရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ဘဏ်ထဲ ငွေလာထုတ်သော အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းနှင့် ဆက်စပ်၍ ဘဏ်အပြင်တွင် စောင့်ကြည့်နေသော နောက်ထပ်အဖွဲ့ဝင် သုံးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား သုံး ဦးနှင့် အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား နှစ်ဦး ပါဝင်သည်။

မြန်မာနိုင်ငံသားများတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူတစ်ဦးနှင့် တရားမဝင် နေထိုင်သူတစ်ဦးတို့ ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့လေးဦးစလုံးသည် ဘဏ်ထဲမှတစ်ဆင့် ငွေထုတ်ယူနိုင်ရန် ပူးပေါင်းလုပ်ဆောင်သူများဖြစ်ကြောင်း ဖော်ပြသည်။

ငွေထုတ်ယူရန် တရုတ်နိုင်ငံသား သူဌေးတစ်ဦးက ခိုင်းစေခဲ့ကာ ထိုင်းနိုင်ငံသားအချို့ကလည်း ၎င်းတို့အတွက် ဟိုတယ်၊ ကားနှင့် အသုံးစရိတ်များကို စီစဉ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူများက ထွက်ဆိုသည်ဟု ဆိုသည်။

အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ငွေထုတ်ယူခဲ့သော ဘတ်သုံးသိန်းနှင့်အတူ မိုဘိုင်းဖုန်းများကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို ချင်းမိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အွန်လိုင်းငွေကြေးရာဇဝတ်မှုအပါအဝင် အခြားအမှုများဖြင့် တရားစွဲထားပြီး မြန်မာနိုင်ငံသားတစ်ဦးကို လဝကအမှုဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Chiangmai News, Daily News, Banmuang