ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်က အီရန်ကို အကြီးစားတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ထရမ့်ပြော

February 28, 2026

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အပေါ် အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အီရန်စစ်တပ်နှင့် အီရန်အဏုမြူစီမံကိန်းကို ချေမှုန်း၍ အီရန်အစိုးရအပြောင်းအလဲဖြစ်ပေါ်လာရေးကို ဆောင်ရွက်မည်ဟု ထရမ့်က ကတိပြုပြောကြားစဉ် ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အီရန်မြို့တော် တီဟီရန်တွင် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး အီရန်သမ္မတအိမ်တော်နှင့် အမျိုးသားလုံခြုံရေးကောင်စီ ရုံးစိုက်ရာအရပ်မှ မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ခဲ့ရသည်။

အီရန်၏ မစ်ဆိုင်းဒုံးထုတ်လုပ်ရေးကဏ္ဍကို ပြားပြားဝပ် ချေမှုန်းဖျက်ဆီး၍ အီရန်ရေတပ်ကို အပြီးအပိုင် ချေမှုန်းမည်ဖြစ်ကြောင်း သမ္မတထရမ့်က ၎င်း၏ ဗီဒီယိုမိန့်ခွန်းထဲတွင် ပြောကြားထားသည်။

စစ်ပွဲကို ရှောင်လွှဲနိုင်မည့် သဘောတူညီချက်တစ်ခုကို အမေရိကန်နှင့် ရယူရန် အီရန်ဘက်က ငြင်းဆန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးကလည်း အီရန်ကို တိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယနေ့ စနေနေ့တွင် ကြေညာထားသည်။

ယခုနောက်ဆုံးပြုလုပ်သည့် တိုက်ခိုက်မှုများသည် ယမန်နှစ် ဇွန်လက အီရန်၏ အဏုမြူစက်ရုံ သုံးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုထက် ပိုမိုကျယ်ပြန့်မည်ဟု အမေရိကန်အရာရှိများက ခန့်မှန်းပြောကြားသည်။

အမေရိကန်စစ်လေယာဉ်များက အရှေ့အလယ်ပိုင်းဒေသတစ်ဝိုက်ရှိ စစ်အခြေစိုက်စခန်းများနှင့် လေယာဉ်တင်သင်္ဘောများမှတစ်ဆင့် တိုက်ခိုက်မှုအကြိမ်ရေ ဒါဇင်နှင့်ချီ၍ ပြုလုပ်လျက်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အီရန်အစိုးရက အမေရိကန်၏ တောင်းဆိုချက်များကို လက်ခံခြင်းမရှိပါက အီရန်ကို တိုက်ခိုက်မည်ဟု သမ္မတ ထရမ့်က ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ကာ ရက်သတ္တပတ်များစွာ တင်းမာမှုများ မြင့်တက်လာပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source: The New York Times