ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အသက်ကို ဖက်နဲ့ထုတ်ထားတယ်

February 28, 2026

စစ်ရေးပြင်းထန်နေသော တနင်္သာရီတိုင်းတွင် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ရေး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ အပြန်အလှန် ကြိုးပမ်းနေသည်။

ယင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး သွားလာရ ခက်ခဲမှုများတွေ့ကြုံနေရပြီး ပုံမှန်နာရီပိုင်းဖြင့် သွားလာရသော နေရာများကို ကွေ့ပတ်ကာ စစ်ရေးအခြေအနေအပေါ်မူတည်၍ သွားနေရသဖြင့် ရက်များစွာ ကြာအောင်သွားလာကြရသည်။

သရက်ချောင်းမြို့မှအထွက် ဆင်ကူးမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီး ဆင်ထိုးကြီးရွာအထိ မြိတ်-ထားဝယ်ကားလမ်း ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာပိတ်ထားသည်။

ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကျင်းပခဲ့သည့် ကာလများတွင်လည်း မြိတ်-ထားဝယ်ကားလမ်း ရက်ရှည်ပြတ်တောက် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းအခြေအနေများကြောင့် ထားဝယ်နှင့် မြိတ်တို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စားသောက်ကုန် ရှားပါးပြတ်လပ်မှုများ၊ ဆေးဝါးကုသရန် အခက်အခဲများ ကြုံတွေ့နေရသည်။ ကုန်သည်များမှာလည်း ပစ္စည်းများ လမ်းတွင် ပိတ်မိနေသဖြင့် ဆုံးရှုံးမှုများသလို၊ ကုန်ကျစရိတ်ကြီးမြင့်မှုများလည်း ကြုံတွေ့နေကြရသည်။

ယင်းအပြင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားများမှာ လမ်းခရီးတွင် အသက်ဘေးဖြင့် ကြုံတွေ့နေကြရသလို ဒေသခံများမှာလည်း အငတ်ဘေး၊ စစ်ဘေးအကြား အသက်ကိုဖက်နှင့်ထုတ်ထားရသည့် အခြေအနေဖြစ်နေသည်။

မြိတ်-ထားဝယ်ကားလမ်း ပိတ်ထားသည့် အခြေအနေနှင့်ပတ်သက်၍ ခရီးသည်များ၊ ကားသမားများ၊ ကားပိုင်ရှင်များ၊ ဒေသခံများကို မေးမြန်၍ တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“စားဝတ်နေရေးကတော့ တစ်ဝပင်ပန်းပြီ။ ရပ်ပစ်ရွာပစ်ကလည်း တစ်ခါဖြစ်နေတယ်လေ”

ပလမြို့ခံတစ်ဦး

DW ။ ပုလောနဲ့ ထားဝယ်သွားတဲ့ ပြည်ထောင်စုလမ်းပိုင်း အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ပုလောနဲ့ မြိတ်က ပုံမှန် မနက်စောစောတော့ ဂိတ်ဖွင့်ထားတယ်။ ပုလောဂိတ်က မပိတ်ဘူး။ စောစောပိုင်း တစ်ပိုင်းတော့ သွားနေလာနေကြတယ်ပဲ။ သရက်ချောင်းတို့ဘက်မှာတော့ ပိတ်ထားတုန်း။ ပုလောဘက်ကနေ သွားမရတော့ အခက်အခဲတော့ ဖြစ်တယ်။ ကားတွေ သွားလို့ မရဘူး။

DW ။ ဘယ်လို ခရီးသွားနေကြလဲ။

ဖြေ ။ ရန်ကုန်ကနေ လာတဲ့သူတွေက ကားလမ်းနဲ့ ထားဝယ်ကို ဆင်းတယ်။ ထားဝယ်ကနေမှ အမြန်ယာဉ်နဲ့ မြိတ်ကို ပြန်ဆင်းတယ်။ ထားဝယ်နဲ့ မြိတ်ကိုတော့ သွားနေကြတယ်။ အမြန်ယာဉ်နဲ့ သွားနေကြတယ်။ ထားဝယ်နဲ့ မြိတ်ဖြစ်သွားတယ်။ မြိတ်က တက်တဲ့သူတွေကလည်း ထားဝယ်ကို အမြန်ယာဉ်နဲ့ တိုက်ရိုက် တက်နေကြတယ်။

DW ။ အခုက ဘယ်နေရာတွေ ပိတ်ထားလဲ။

ဖြေ ။ အခုဖြစ်နေတာက သရက်ချောင်းဂွင်ထဲမှာ ထားဝယ်နဲ့ ပလောက်ကြားမှာ ဖြစ်နေတယ်။ ပလောက်နဲ့ မြိတ်ကြားမှာက ဘာမှမဖြစ်ဘူး။

DW ။ ကားလမ်းမသုံးတော့ဘူးလား။

ဖြေ ။ အပေါ်ဘက်က ပိတ်ထားလို့ ကားလမ်းပိတ်ထားရတယ်။ ပုလောအောက်ဘက်မှာက ဖွင့်ထားတယ်။ အခြေအနေကောင်းတယ်။ ကားလမ်းပိတ်ထားတာ ရက်အတော်ကြာပြီ။ ရက်ကို မမှတ်မိတော့ဘူး။ ကားလမ်းပိတ်ထားတာ တစ်ဝက် ဒုက္ခရောက်ကုန်ပြီ လူတွေ။ အခုက အဓိက မိန်း (Main) ကတော့ မြိတ်-ထားဝယ်၊ ထားဝယ်-ရန်ကုန် ဖြစ်သွားတယ်။

DW ။ ပလောက်ကနေ ထားဝယ်ကို သွားမယ့်သူတွေ မရှိဘူးလား။

ဖြေ ။ ထားဝယ်နဲ့ မြိတ်ကို ကားလမ်းမသုံးကြတော့ဘူး။ ထားဝယ်နဲ့ မြိတ်ကို ရေလမ်းသုံးကြတယ်။ ထားဝယ်နဲ့ ရန်ကုန်ကိုက ကားလမ်း။ အခု ခရီးသည်တွေ အဲလို သွားနေကြတယ်။

DW ။ အဲလိုလမ်းတွေ ပြောင်းပြီး သုံးနေရတော့ ဘာတွေ ဖြစ်သွားလဲ။

ဖြေ ။ စရိတ်တွေကြီးတော့ ဒုက္ခတွေရောက်တာပေါ့။ ပစ္စည်းသယ်ယူစရိတ်တွေ များတယ်။ ရိုးရိုးစပိဘုတ်ကို ခရီးသည်တစ်ဦး မနည်းပေးရတယ်။ ကားခနဲ့စာရင်တော့ မနည်းများတယ်။ စရိတ်လည်း မနည်းထိကြမယ် ထင်တယ်။

DW ။ ရက်က တော်တော်ကြာပြီလား။

ဖြေ ။ ရက်က အတော်ကြာပြီ ဟုတ်တယ်။ တဝကြာပြီ ဒီတစ်ခါ အကြာဆုံးပဲ။ ဒီတစ်ခါကြာတာ တဝကြာတယ်။ မနည်းဘူး လမ်းမှာကို ပိတ်မိနေကြတဲ့ ကားတွေ အပုံကြီးပဲ။ ရေလမ်းကနေ အမျိုးမျိုး သယ်နေကြတယ်။ အားလုံး ဒုက္ခရောက်နေကြတယ်။ ဖွင့်ချမရဘဲ ဖြစ်နေတယ် ထင်တယ်။ ဟိုအဖွဲ့က ပိတ်လိုက် ဒီအဖွဲ့က ဖွင့်လိုက်နဲ့ စုံနေပြီ။ ဘယ်သူ့ကို ပြောလို့ပြောရမှန်း မသိတော့ဘူး။ စစ်တပ်က ဖွင့်လိုက်၊ ကေ (KNU) က ပိတ်လိုက်၊ ကေက ဖွင့်လိုက် စစ်တပ်က ပိတ်လိုက်၊ ပီ (PDF) က ဖွင့်လိုက်၊ သူက ကိုယ့်ကိုပိတ်၊ ကိုယ်က သူ့ကိုပိတ် ဖြစ်နေတယ်။

DW ။ ဘယ်လိုအခြေအနေမျိုး ဖြစ်နေလဲ။

ဖြေ ။ အခုက ထားဝယ်မှာက ပြည်ထောင်စုလမ်းမကြီးမှာ ဖြစ်နေတော့ လမ်းပိတ်ချထားတယ်။ စားဝတ်နေရေးကတော့ တစ်ဝပင်ပန်းပြီ။ ရပ်ပစ်ရွာပစ်ကလည်း တစ်ခါဖြစ်နေတယ်လေ။ ကြားတဲ့အတိုင်းပဲ ပလဘက်မှာ ရွာသားတွေ ကျပ်တည်းကုန်ပြီ။ လူတွေကလည်း ကားလမ်းပိတ်ထားတော့ စားသောက်ဖို့တော့ မြိတ်ကနေ ပြန်သယ်နေရတယ်။ ခရီးသွားမယ်ဆို မြိတ်ကနေတစ်ဆင့် ရေလမ်းနဲ့ ပြန်သွားနေရတယ်။

“တစ်ရက်ခရီးကို လေးငါးဆယ်ရက် သွားနေရတာ အရမ်းပင်ပန်းတယ်။ လူရော၊ စိတ်ရော အရမ်းပင်ပန်းတယ်”

ထားဝယ်ဒေသခံ အိမ်ထောင်ရှင်မတစ်ဦး

DW ။ ကော့သောင်းကနေ ထားဝယ်ကို ပြန်လာတဲ့အချိန် လမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပြန်ပြောပြပေးပါလား။

ဖြေ ။ ကျွန်မတို့ လာတုန်းက သရက်ချောင်းဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ မသိဘူး။ မဖြစ်သေးဘူး ထင်တယ်။ အဲဒါကို ကျွန်မတို့ မိသားစု သုံးယောက်ပေါ့ (ခရီးသည်တင်) ကားနဲ့ တက်လိုက်လာတာ (သရက်ချောင်းမြို့နယ်) မင်းဒပ်ရွာနားကို ရောက်ခါနီးမှ ဆက်သွားလို့ မရတော့ဘူးဆိုပြီး အဲဒီမှာ နေလိုက်ရတာ။

DW ။ ကားပေါ်မှာပဲ နေကြတာလား။ ဘယ်လောက်ကြာကြာ နေလိုက်ရလဲ။

ဖြေ ။ ဘယ်လောက်ကြာလဲဆိုတော့ ၇ ရက်လောက် ကြာသွားတာပေါ့ အဲဒီမှာ။ သွားရနိုးနိုးနဲ့ စောင့်နေရင်း ၇ ရက်လောက် ကြာသွားတာ။ ကံကောင်းတာက ကျွန်မသမီးလေးက ဘာမှမဖြစ်လို့ တော်သေးတယ်။ သမီးက ကျန်းမာရေး အရမ်းချူခြာတာ။ နေရတာကလည်း တောထဲမှာဆိုတော့ (သမီးလေး) တစ်ခုခုဖြစ်မှာကိုပဲ တစ်ချိန်လုံး စိုးရိမ်နေတာ ကျွန်မကတော့လေ။

တစ်ခါမှ တောထဲမှာ အဲဒီလောက် အကြာကြီး မနေဖူးဘူးဆိုတော့လေ ကြောက်လည်းကြောက်။ ပစ်သံခတ်သံတွေကလည်း ကျွန်မတို့နေရာနဲ့က သိပ်မဝေးတော့ နေ့တိုင်း ကြားနေရတယ်။ စားစရာကလည်း တဖြည်းဖြည်းနဲ့ ဝယ်စားလို့တောင် မရဘဲ ဖြစ်လာတယ်။

တစ်ခုခု လိုချင်တယ်ဆိုရင် (ဒေသခံ) ဆိုင်ကယ်သမားတွေကို ခေါ်ခေါ်ပြီး ဝယ်ခိုင်းနေရတာ။ အိပ်ရတာလည်း အဆင်မပြေဘူး။ ဘယ်လိုမှကို အဆင်မပြေတာနဲ့ ဒီအတိုင်းဆိုရင်တော့ မရတော့ဘူး ပြန်လှည့်မှ ရမယ်ဆိုပြီး မြိတ်ကို ပြန်လှည့်ကြဖို့ ကားသမားကို ဝိုင်းသွားပြောတော့ သူလည်း ပြန်လှည့်ပေးတာနဲ့ မြိတ်ကနေ စပိဘုတ်စီးပြီး ထားဝယ် ရောက်လာကြတာ။ လမ်းက အခုထိ (ဇန်နဝါရီ ၂၇ အထိ) ပိတ်နေတုန်းဆိုတော့ မဟုတ်ရင် အခုချိန်အထိ အဲဒီမှာပဲ ရှိနေဦးမှာ။

DW ။ ပုံမှန်ဆိုရင် ကော့သောင်း-ထားဝယ်က တစ်ရက်ပဲ ကြာတာလေ။ အခုလို ၇ ရက်လောက် ပိတ်မိသွားတဲ့အပေါ် စိတ်ထဲ ဘယ်လိုဖြစ်မိလဲ။

ဖြေ ။ ကျွန်မက သမီးအတွက်ပဲ စိတ်ပူတာ။ ကျွန်မတို့က လူကြီးတွေဆိုတော့ အဆင်ပြေသလို နေလို့ရသေးတယ်။ ကလေးနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ မြိတ်ပြန်လှည့်ပြီး စပိဘုတ်နဲ့ တက်မယ်ဆိုတော့ လူကြီးနှစ်ယောက်စာအတွက်ဆိုရင် ပိုက်ဆံ ငါးသိန်းလောက် လိုနေပြန်ပြီ။ စိတ်ထဲမှာကတော့လေ ပိုက်ဆံ ဘယ်လောက်ပဲ ပေးရပေးရ ပြန်လှည့်ဖို့ကိုပဲ ဖြစ်နေတာ။ ရတယ်။ မြိတ်ရောက်ရင် အိမ်ကို ပိုက်ဆံလွှဲခိုင်းပြီး ပြန်တက်မယ်ဆိုပြီး ရအောင် မြိတ်ပြန်လှည့်ခိုင်းတာ ကားသမားကို။

မြိတ်ရောက်တော့ လက်ထဲမှာ ပိုက်ဆံ ငါးသောင်းလောက်ပဲ ကျန်တော့တယ်။ အိမ်ကို ချက်ချင်း ဖုန်းဆက်ပြီး ပိုက်ဆံလွှဲခိုင်းပြီး ပြန်တက်လာရတာ ကျွန်မတို့တွေ။ အားလုံး စားတာသောက်တာရော စပိဘုတ်ဖိုးတွေရော ခုနစ်ရက်တည်းနဲ့ ပိုက်ဆံ ဆယ်သိန်း ပလုံသွားတာ ကျွန်မတို့ လင်မယားနှစ်ယောက်မှာ။

DW ။ လမ်းခရီးကလည်း ကြန့်ကြာ၊ ပိုက်ဆံကလည်း ပိုကုန်ခံပြီး ခရီးသွားနေရတဲ့အပေါ် ဘာပြောချင်တာ ရှိလဲ။

ဖြေ ။ ဘယ်သူမဆို ခရီးသွားရင်တော့ အေးအေးဆေးဆေး သွားချင်ကြတဲ့လူတွေချည်းပဲ။ အခုလိုမျိုး ဟိုးတောထဲမှာအိပ် ဒီတောထဲအိပ် ဘယ်သူမှ မသွားချင်ဘူး။ ပိုက်ဆံလည်း ကုန်သေးတယ်လေ။ ဒါပေမဲ့ ကျွန်မတို့မှာ ဒီနည်းတစ်ခုပဲ ရှိတာဆိုတော့လည်း သွားနေရတာပဲ။

ကျွန်မ ခရီးသွားရတာတွေ မကြောက်တတ်ဘူး။ ထားဝယ်ကော့သောင်းကတော့ အိမ်ဦးနဲ့ ကြမ်းပြင်ပဲ အရင်ကဆိုရင်ပေါ့။ အခု တော်တော်လေး ကြောက်တယ်။ မဖြစ်မနေမှပဲ သွားတော့တာ။ အခုဆိုရင် ပိုတောင် ကြောက်သွားပြီ။ တစ်ရက်ခရီးကို လေးငါးဆယ်ရက် သွားနေရတာ အရမ်းပင်ပန်းတယ်။ လူရော၊ စိတ်ရော အရမ်းပင်ပန်းတယ်။ ကျွန်မဆို အိမ်ရောက်တာနဲ့ ဘုန်းဘုန်းလဲတော့တာပဲ။ ကံမကောင်းလို့ တိုက်ပွဲဖြစ်နေတဲ့ နေရာထဲမှာဆိုရင် သေပြီပဲ။ အဲဒါကြောင့် ကျွန်မစဉ်းစားမိတယ်။ အသက်ကို ဖက်နဲ့ထုတ်ပြီး သွားနေရတာပဲလို့ အခုခေတ်မှာ ခရီးတစ်ခု သွားရတာ မလွယ်ဘူးလို့။

DW ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ ။ ဟိုးအရင် အေးချမ်းနေတုန်းက သွားနေတာလည်း ဒီလမ်းပဲ။ အခုလည်း ဒီလမ်းပဲ။ လမ်းချင်းတော့ အတူတူ ခေတ်ကာလ အခြေအနေ မတူတော့ ခရီးသွားရတာလည်း မတူတော့ဘူး။ ကျွန်မတို့ သားသမီးတွေ ကြီးလာတဲ့အထိ ဒီလိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ် ကျွန်မကတော့။

“နှစ်ဖက်ပစ်နေတဲ့ အခါမျိုးဆိုရင် အရေးပေါ်ကားနဲ့လည်း အဆင်ပြေမှာ မဟုတ်လောက်ဘူး”

သရက်ချောင်းမြို့ပေါ်နေ ဒေသခံ အမျိုးသားတစ်ဦး

DW ။ သရက်ချောင်းမြို့ပေါ် နေထိုင်ရတဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ နေထိုင်ရတာက အဆင်ပြေသလိုရှိပေမဲ့ သွားလာရခက်တယ် အရင်လို အလွယ်တကူ မြို့ပြင်ဘက်သွားလို့ သိပ်အဆင်မပြေဘူး၊၊ လုံးဝသွားလို့မရဘူးဆိုတာမျိုးလည်း မဟုတ်ဘူး၊ နည်းလမ်းရှာပြီးတော့ သွားလာနေကြရတဲ့ အနေအထားမျိုးတော့ ရှိတယ်။

DW ။ သွားလာလို့ အဆင်မပြေတာက ဘယ်လို အခက်အခဲတွေကြောင့်လဲ။

ဖြေ ။ အပေါ်ဘက်ဆို သရက်နှစ်ခွဘက်ခြမ်း အခြေအနေတွေ မကောင်းဘူး၊ ခရီးသွားတဲ့အခါ လမ်းပိုင်းတွေမှာ ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တော့ အချိန်မရွေး ပိတ်မိသွားနိုင်တယ်။ အခုလည်း နေ့တိုင်းနီးပါး ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ တော်လှန်ရေးဘက်က ဒရုန်းဗုံးချတာလည်း ဆက်တိုက်ဆိုသလို ဖြစ်နေတယ်။ သရက်ချောင်းအောက်ဘက်ဆိုရင် ကျွဲဇပ်ကျေးရွာတွေအထိ တပ်စွဲထားတယ်။ မြို့က အလယ်မှာ ပိတ်မိနေတဲ့ အခြေအနေမျိုးတော့ ရှိနေတယ်။

DW ။ ဒါဆိုရင် နေ့စဉ်ချက်ပြုတ်စားသောက်ဖို့ ဝယ်ရခြမ်းရတာရော ဘယ်လိုအခြေအနေရှိနေလဲ။ သားငါးတွေကရော ပုံမှန်ရနေရဲ့လား။

ဖြေ ။ ဈေးသည်တွေကတော့ လမ်းကြောင်းပေါင်းစုံနဲ့ အဆင်ပြေသလိုလုပ်ပြီး လာနေသေးတဲ့ အခါကျတော့ အခုထိ သားငါးတွေ ဈေးသည်တွေဆီက ရနေသေးတယ်။ ဥပမာ လမ်းပိုင်းရွာတစ်ရွာမှာ အခြေအနေမကောင်းတဲ့ အခါမျိုးဆိုရင် အဲဒီရွာကို ရှောင်ကွင်းပြီး လာတာမျိုးပေါ့၊ ကုန်ခြောက်တွေအတွက်ဆိုရင်လည်း မြို့ပေါ်ကား တစ်ချို့ အခြေအနေကြည့်ပြီး ပြေးဆွဲပေးနေသေးတော့ အဆင်ပြေနေသေးတယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အရင်လို လူတင်လူချစောင့်ပြီး ခရီးသည်တွေနဲ့ တက်တာမျိုးတော့ မဟုတ်ဘူး၊ အော်ဒါကြောင်းနဲ့ တက်တာမျိုးတွေပေါ့။

DW ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြုံလာရင်ရော ဘာတွေ အခက်အခဲ ရှိနိုင်မလဲ။

ဖြေ ။ လက်ရှိ ပြောဆိုပြီးတော့ သွားလို့တော့ ရနိုင်မယ့် အခြေအနေ ရှိပါတယ်၊ တစ်ခုပါပဲ ခုနကပြောသလို လမ်းပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်လာခဲ့ရင် ကြုံရမယ့် အခြေအနေတစ်ခုပဲ စိုးရိမ်စရာ ရှိပါတယ်။ အဲဒီလို နှစ်ဖက်ပစ်နေတဲ့ အခါမျိုးဆိုရင် အရေးပေါ်ကားနဲ့လည်း အဆင်ပြေမှာ မဟုတ်လောက်ဘူး။

DW ။ လမ်းပိုင်းအခြေအနေကရော ဘယ်လိုအခြေအနေရှိလဲ။ ဘာတွေ သိရကြားရတာရှိလဲ။

ဖြေ ။ သရက်ချောင်းအပေါ်ပိုင်း သရက်နှစ်ခွမှာဆိုရင် စစ်တပ်ရှိတယ်။ တော်လှန်ရေးတပ်တွေကလည်း နေ့စဉ်နီးပါး ဒရုန်းဗုံးချ တိုက်ခိုက်တာရှိတယ်၊ စစ်တပ်ကလည်း လက်နက်ကြီးတွေ ပြန်ပစ်တာမျိုးတွေ ရှိတယ်။ အဲလို အနေအထားတွေရှိနေတော့ အရင်လို သွားလာလို့ လုံးဝအဆင်မပြေတော့တာ။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း သတင်းတွေ စုံစမ်းပြီး သွားရတယ်။ ရှောင်ပြီး ပတ်ပြီး သွားလာနေကြရတာပေါ့။

DW ။ သရက်ချောင်းမြို့ထဲတွေမှာရော စစ်ရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုတွေ ကြုံရလား၊ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ခုတစ်လောတုန်းကပဲ ဒရုန်းနဲ့ မြို့ထဲရှိတဲ့ တပ်ရင်းကို လာရောက် တိုက်ခိုက်တာရှိတယ်။ ၄၀၃ တပ်ရင်းကိုပေါ့။ မြို့ထဲမှာလည်း တပ်ရင်းသုံးရင်း ရှိတယ်။ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းတွေပေါ့။ အဲဒီလို တိုက်ခိုက်နေတာတွေကြောင့် မြို့ထဲမှာ နေတယ်ဆိုပေမဲ့လည်း လုံလုံခြုံခြုံ မရှိဘူး။ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတာပေါ့။

DW ။ ဒီလို တင်းမာနေတာက ဖေဖော်ဝါရီ ပထမပတ်လောက်ကတည်းက ပေါ့နော်၊ ဆိုတော့ လက်ရှိအခြေအနေကရော တင်းမာနေဆဲလား၊ ဘယ်အခြေအနေရှိလဲ။

ဖြေ ။ တင်းမာနေဆဲလို့ ပြောလို့ရမယ်ပေါ့နော်။ လျှော့ကျလာမယ့် အရိပ်အရောင်မျိုး မတွေ့ရသေးဘူး။ လမ်းကလည်း အရင်လို လွယ်လွယ်ကူကူ သွားလာနိုင်မယ့် အခြေအနေမျိုး တော်ရုံနဲ့ ရနိုင်မှာ မဟုတ်သေးဘူး၊ ဘာလို့လဲဆို အခုမြို့ထဲမှာ ပိတ်မိနေတဲ့ အခြေအနေမျိုး မရှိပေမဲ့ ကျေးရွာတွေမှာ တောက်လျှောက် ကုန်ကားတွေ ပိတ်မိနေကြသေးတယ်။ နောက် သရက်ချောင်း အောက်ဝင်းဝဘက်က အခြေအနေကလည်း တင်းမာနေဆဲ ရှိသေးတယ်ဆိုတော့လေ။

DW ။ သရက်ချောင်းအောက်ဝင်းဝဘက်က စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲနေတာ ရှိတော့ အဲဒီဘက်က ဒေသခံတွေ မြို့ပေါ် ပြောင်းရွှေ့နေတဲ့သူ များလာလား ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ သိပ်တော့ မတွေ့ရဘူး။ အနည်းအကျဉ်းပဲ ရှိတယ်။ သူတို့ အောက်ဘက်ကလည်း သွားလာလို့ မရဘူး၊ ကရင်တပ်တွေက ပိတ်ဆို့ထားတော့ တော်ရုံနဲ့ ပြောင်းရွှေ့လာလို့ မရသေးဘူး၊ ကျွန်တော့် မိဘတွေတောင် ရှိသေးတယ်၊ သူတို့ ဒီလိုပဲ နီးစပ်ရာ ရွှေ့ပြောင်းနေကြရတယ်။

DW ။ လျှပ်စစ်နဲ့ ဖုန်းဆက်သွယ်ရေးလိုင်းတွေကရော ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ အခု တင်းမာမှုဖြစ်ပြီးနောက်မှာ ဖုန်းလိုင်းတွေ သိပ်မရတော့ဘူး၊ အင်တာနက်ရောပဲ၊ အခုဆိုရင် MPT ဆက်သွယ်ရေး တစ်ခုပဲ ကောင်းကောင်းရတော့တယ်၊ ကျန်တာတွေ သိပ်အဆင်မပြေတော့ဘူး၊ သရက်နှစ်ခွမှာ ဖြစ်တဲ့နေ့ကတော့ မီးပျက်တယ်၊ အခုတော့ မီးပြန်ရနေပါပြီ။

“ကျွန်တော်တို့ မှန်လုံကားတွေမှာ ခရီးသည်ဆိုတာ မရှိသလောက်ကို ဖြစ်နေပြီ။ တော်တော်ကြီးကို ရှားလာကြပြီပေါ့နော်”

ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြေးဆွဲနေသည့် ကားပိုင်ရှင်

DW ။ အခုလက်ရှိမှာ မြိတ်-ထားဝယ်ကားလမ်း ပိတ်ထားတယ်လို့ သိရတယ်ပေါ့နော်.. ဆိုတော့ ရန်ကုန်ကနေ ထားဝယ်-မြိတ်-ကော့သောင်းအထိ ကားလမ်းအခြေအနေ ဘယ်လိုရှိလဲ.. အဲဒါလေး အရင်ဆုံး ရှင်းပြပါလား။

ဖြေ ။ ဟုတ်ကဲ့။ လမ်းအခြေအနေက ဘယ်လိုမျိုးရှိလဲဆိုတော့ ကျွန်တော်တို့ ရန်ကုန်ကနေ ထားဝယ်အထိကတော့ လက်ရှိအချိန်ထိ သွားလို့လာလို့ အဆင်ပြေတယ်၊ ထားဝယ်ဘက်ခြမ်းကနေ မြိတ်ထိကတော့ ကျွန်တော်တို့ ပုံမှန်လမ်းအနေအထားမှာတောင် သွားလို့လာလို့က ခက်ခဲတယ်၊ လမ်းမှာလည်း စစ်ဆေးရေးဂိတ်တွေက အရမ်းများတယ်၊ နောက်တစ်ခါ စစ်ဆေးရေးဂိတ်တိုင်းကလည်း တင်းတင်းကျပ်ကျပ် ရှိကြတယ်ဆိုတော့ သွားရေးလာရေးက အရင်ကထက် ပိုပြီး ခက်ခဲလာတယ်။

DW ။ ဘယ်နေရာတွေမှာ ကားလမ်းပိတ်တတ်လဲ၊ ဘယ်ဘက်က ပိတ်တာလဲ၊ ဘာကြောင့် ပိတ်တယ်လို့ သိရလဲ။

ဖြေ ။ မြိတ်ကနေ ထားဝယ်ဘက်ကို တက်မယ်ဆိုရင် ဆင်ထိုးဂိတ် (KNLA) ကနေ စပိတ်ထားတယ်။ ရန်ကုန်ဘက်ဆိုရင် သရက်ချောင်းအကျော် ပိတိုင်လောက်ကနေ စပိတ်ထားတယ်။ ဘာကြောင့်ပိတ်တယ် ဘယ်လိုပိတ်တယ်လို့တော့ သေချာမသိရဘူး။ ကျွန်တော့်ကားတွေကတော့ ပြန်လှည့်ကုန်ပြီ တော်တော်များများ ကားတွေကတော့ သရက်ချောင်းဘက်မှာ ပိတ်မိနေတယ်။ မြိတ်ဘက်က ကားတွေကတော့ ပလောက်မှာ ပိတ်မိနေတယ်၊ အဓိက ဆင်ထိုးမှာ ပိတ်မိနေတာပေါ့နော်။ ဆင်ထိုးမှာ ပိတ်တော့ ပလောက်မှာ နေနေတယ်၊ အခုလက်ရှိတော့ ကျွန်တော် မြိတ်ကို ပြန်ခေါ်ထားတယ်။

တချို့ကုန်ကားတွေ တွဲကားကြီးတွေကတော့ သူတို့ပိတ်မိတဲ့ နေရာမှာပဲ စောင့်နေကြတယ်။ မြိတ်ကနေ ပလောက်အထိကတော့ သွားလို့လာလို့ ရနေတယ်။ သရက်ချောင်းဘက်ကတော့ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ အဆက်အသွယ် ဘယ်သူနဲ့မှ လုပ်မရလို့ ဘယ်ဘက်က ပိတ်ထားတာလဲဆိုတာ မသိဘူး။

DW ။ ဒီလမ်းတစ်ဖြတ်မှာ ပိတ်မိနေတဲ့ ကားတွေ ဘယ်လောက်ရှိလဲ ရာချီရှိလား။

ဖြေ ။ ရှိတာပေါ့ ရှိတာပေါ့အစ်မ ရာချီတောင် ကျော်ဦးမယ်။ လက်ရှိ ထားဝယ်နဲ့ သရက်ချောင်းမှာ ပိတ်မိနေတဲ့ ကားတွေ မနည်းဘူး။ ပိတ်မိလာတာ ရက်ပေါင်း ၂၀ ဝန်းကျင်လောက် ဖြစ်လာတော့ တချို့ကားတွေလည်း ပြန်လှည့်လို့ရတဲ့ကားတွေ ပြန်လှည့်တယ်။ မြိတ်ကနေ ဆင်ထိုးဘက်မှာ ပိတ်မိနေတဲ့ ကားတွေက ပလောက်ဘက်မှာ တန်းထားကြတယ်။ အဆင်ပြေတဲ့ နေရာလေးတွေမှာ နားနေကြတာပေါ့။ ပြန်လှည့်လာတဲ့ ကုန်ကားတွေတော့ နည်းတယ်။ ကြားထဲမှာ ပိတ်မိနေတဲ့ ကားတွေကတော့ ပြန်လှည့်လို့ မလွယ်ဘူး ဖြစ်မယ်။

DW ။ ဆိုတော့ အဲလိုကားလမ်းပိတ်တဲ့အခါမှာ ဘာအခက်အခဲတွေ ကြုံရတာရှိလဲ။

ဖြေ ။ အကုန် ဒုက္ခရောက်ကြတာပေါ့နော်၊ ကုန်စည်စီးဆင်းမှုအပိုင်းရော ကျွန်တော်တို့ ကားဂိတ်တွေ လုပ်ငန်းပိုင်းရော အားလုံးတော့ ဒုက္ခရောက်ကြတာပေါ့၊ အဓိကတော့ ကျွန်တော်တို့ ကားဆရာတွေ ကားအုံနာတွေ ယာဉ်နောက်လိုက်တွေဆိုတာကလည်း ဒီလမ်းခရီးတစ်ခု ဖြောင့်ဖြူးနေမှသာ သူတို့အတွက်လည်း စားဝတ်နေရေး အဆင်ပြေကြတာကိုး၊ သူတို့လုပ်ငန်းကလည်း ကားလုပ်ငန်း ဖြစ်တာကိုးနော်။ အခုဆိုရင် ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တယ်၊ ဆုံးရှုံးမှုတွေလည်း များကြတယ်။ တချို့ကုန်စိမ်းသမားတွေဆိုရင် လမ်းဖွင့်နိုးဖွင့်နိုးနဲ့ စောင့်နေပြီးတော့ပေါ့နော် ကုန်ကျစရိတ်တွေ များမှာစိုးလို့ ထားထားပြီးတော့ လှေတွေဘာတွေနဲ့ ကဲ့မယ်မကဲ့ဘူး ချီတုံချတုံလုပ်ပြီးတော့ ဆုံးရှုံးသွားတဲ့သူတွေလည်း အများကြီးပဲ။

DW ။ ကားသမားတွေနဲ့ အုံနာတွေ ခရီးသည်တွေမှာရော ဘယ်လိုအခက်အခဲတွေ ကြုံနေရတာရှိလဲ..

ဖြေ ။ အခက်အခဲကတော့ အစုံပေါ့၊ ဘယ်လောက်ထိ အခက်အခဲဖြစ်ကြလဲဆိုရင် တချို့ပါသွားတဲ့ ခရီးသည်တွေဆိုလို့ရှိရင် သွားလို့မရ လှည့်လို့မရတော့ဘဲနဲ့ ကားတွေနဲ့ အတူတူပဲ ရှိတာလေးတွေနဲ့ စားသောက်နေထိုင်ပြီး ဖြေရှင်းကြရတာပေါ့၊ ပြန်လှည့်လို့ရတဲ့သူတွေကတော့ ပြန်လှည့်လာကြတာပေါ့နော်။ ကုန်ကားတွေမှာလည်း ရိက္ခာတွေ ပါကြတော့ အဲဒါလေးနဲ့ပဲ ချက်ပြုတ်စားသောက်ရင်း လမ်းဖွင့်မယ့်ရက်ကို သူတို့လည်း စောင့်နေကြရတာပေါ့၊ အဓိကတော့ ကုန်စည်စီးဆင်းမှုက အားလုံး ပြတ်တောက်သွားတော့ အားလုံးလည်း ဒုက္ခရောက်ကြတယ်လေ။

တချို့ဆို ကားပေါ်မှာ တင်လာတဲ့ ပုပ်ကုန်တွေဆို ဒီအချိန်လောက်ဆို ဘာမှလုပ်လို့ မရတော့ဘူး။ ဒီလှေတွေဘာတွေနဲ့ ရေကြောင်းကနေ ပြန်ချိန်းရတဲ့ အခါကျတော့လည်း လှေမှာ ဘယ်လိုမျိုး အခက်အခဲရှိလဲဆိုတော့ ပစ္စည်းအတင်အချနာတာနဲ့ ရေထဲမှာဆိုတော့ အလုပ်သမားစရိတ်တွေ လှေစရိတ်တွေကလည်း သယ်ယူစရိတ်ထက် အများကြီး ပိုကုန်ကျတာပေါ့။ နောက်ထပ် ၂ ဆလောက်ထိ ထပ်တက်တာပေါ့။ အဲတော့ အားလုံးက ဒီလမ်းဖွင့်မယ့်ရက်ကို စောင့်ပြီး နေနေကြရတာပေါ့။

မြိတ်ဘက်မှာဆိုရင်လည်း ပုလော မန်းကျည်းကုန်း (စစ်တပ်ဂိတ်) က ပုံမှန်ပေါ့နော် မနက်ဆို ၆ နာရီခွဲလောက် ဖွင့်တယ် မနက် ၁၁ နာရီလောက်ထိပေါ့၊ ၁၁ နာရီဆို ပုံမှန်ပြန်ပိတ်တယ်ပေါ့နော်။ မြိတ်မြို့မှာဆိုရင်လည်း ဒေသခံထွက်တဲ့ အခြေခံစားသောက်ကုန်က နည်းတာကိုး၊ ကြက်သွန်တို့ အာလူးတို့ ဂေါ်ဖီတို့ကို အထက်ကနေ မှာယူပြီးတော့မှ သုံးစွဲကြရတာကိုး၊ အခုလိုမျိုး ဖြစ်လာတော့ စရိတ်စခတွေ ပိုကုန်တာပေါ့၊ ကုန်သည်တွေမှာလည်း စရိတ်စခတွေ ပိုကုန်တယ်။

ကျွန်တော်တို့ စားသုံးသူတွေမှာလည်း စရိတ်စခတွေ ပိုပြီးတော့ ကျခံပေးရတာပေါ့။ အဲလို အခက်အခဲလေးတွေ ရှိတာပေါ့။ ဒါပေမဲ့လည်း မလုပ်လို့လည်း မရဘူးလေနော် လုပ်နေကြရတာဆိုတော့ လမ်းဖွင့်ဖို့ရက်ကိုပဲ စောင့်ရင်းနဲ့ လမ်းကလည်း ပိတ်ထားတာ ကြာလာလေလေ မလုပ်လို့ကလည်း မရတော့ အဆင်ပြေသလိုပဲ ရုန်းကန်နေကြရတာပေါ့။

DW ။ ခရီးသွားတဲ့အခါမှာ နာရီပိုင်းနဲ့ သွားရမယ့် ခရီးကို ဘယ်နှစ်ရက်လောက် လမ်းမှာ ကြာတတ်လဲ။

ဖြေ ။ ခရီးသွားရတာ ကြန့်ကြာမှုတွေ ပိုများလာတယ်။ ပုံမှန် ထားဝယ်နဲ့ မြိတ်မောင်းချိန်က တကယ်တမ်း ပုံမှန်အချိန်ဆို ၆ နာရီဆိုတာ အလွန်ဆုံးပေါ့နော်။ အခုက စစ်ဆေးရေးဂိတ်တွေကလည်း များလာတယ်။ တစ်ဂိတ်စစ် တစ်ဂိတ်စစ်နဲ့ဆိုတော့ ထားဝယ်ကနေ မြိတ်ကို လာမယ်ဆိုရင် ၂ ရက် ဖြစ်သွားတာပေါ့။ မကျည်းကုန်းက ၁၁ နာရီ ပိတ်တာဆိုတော့ မမီနိုင်ဘူးလေ။ ပုံမှန်ဆိုရင်တော့ မြိတ်-ထားဝယ်က လမ်းဖွင့်တဲ့အချိန်ကဆိုရင် တစ်ရက်နဲ့ သွားလို့ရတယ်။

DW ။ နောက်ပြီး ကားသမားတွေဆီကနေ တပ်တွေ(စစ်အာဏာရှင်တပ်၊ တော်လှန်ရေးတပ်)က ငွေတောင်းတာတွေ ရှိတယ်လို့ ပြောကြတယ်.. အဲဒီလို ငွေတောင်းတာက အခေါက်ရေနဲ့ ပေးရတာလား.. အခွန်အခ သဘောမျိုးလား ဘယ်လိုသဘောမျိုးနဲ့ တောင်းတာလဲ။

ဖြေ ။ ကျွန်တော်တို့က ကားလုပ်ငန်း လုပ်နေတဲ့ အခါကျတော့ ဘယ်သူနဲ့မှ ရှောင်လွှဲလို့ မရတဲ့ အနေအထားပေါ့လေ။ ကားတစ်စီးဖြတ်ရင် ဘယ်ဂိတ်မှာပဲ ပေးပေး ပစ္စည်းပါလာတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ တောင်းကြတာပေါ့၊ အဲဒီတောင်းတဲ့အပေါ်မှာပဲ ပေးရတာပေါ့။ အခုတောင်းတာက နှစ်ဖက်စလုံးက တောင်းတာ အဲလိုမျိုးပါပဲ၊
ခရီးသည်တွေကတော့ ကားငယ်လေးတွေနဲ့ ဆင်းကြတာများတယ်၊ ကျွန်တော်တို့ ကားကြီးတွေမှာတော့ အချိန်လည်း ပိုကုန်တယ် ငွေရေးကြေးရေးလည်း ပိုကုန်တယ်၊ ဒါကြောင့် ကျွန်တော်တို့ မှန်လုံကားတွေမှာ ခရီးသည်ဆိုတာ မရှိသလောက်ကို ဖြစ်နေပြီ။ တော်တော်ကြီးကို ရှားလာကြပြီပေါ့နော်။

အဲလိုဖြစ်တာကတော့ အခု ၅ လ ၆ လလောက် ရှိပြီ။ ခရီးသည်တင်တဲ့ အခါမှာလည်း ကျွန်တော်တို့မှာ တော်တော်လေး ပြဿနာရှိတယ်။ လူငယ်ပိုင်းတွေဆိုလို့ရှိရင် ကျွန်တော်တို့က တင်လို့မရဘူး။ အသက် ၄၀ ကျော်ပိုင်းတွေမှ တင်လို့ရတာ ရှိတယ်။ အဲလိုတွေ ဖြစ်လာတော့ ကျွန်တော်တို့မှာ ကုန်ကိုပဲ အဓိက အားထားပြီး ကျွန်တော်တို့ မှန်လုံတွေ သွားနေကြတာပေါ့။ သွားနေတဲ့ အနေအထားမှာ လမ်းမှာ နှစ်ဦးနှစ်ဖက်လုံးကို ပေးရတဲ့ အနေအထားမှာ ကျွန်တော်တို့မှာလည်း ကုန်ကျစရိတ်တွေ အရင်ကထက် အဆပေါင်းများစွာ တအားပိုလာတာပေါ့နော်။

DW ။ ထားဝယ်ကနေ ရန်ကုန်ဆို လမ်းတစ်လျှောက် ဘယ်လောက် ပေးရလဲ။ ထားဝယ်-မြိတ် ဆိုရင်ရော ဘယ်လောက် ကုန်ကျလဲ။

ဖြေ ။ ထားဝယ်ကနေ ရန်ကုန်ဘက်ကို တစ်လျှောက်လုံးကို သိန်း တစ်ဆယ်ကျော်လောက် ရှိတယ်၊ လမ်းကြေး တစ်ခေါက်စာကိုပေါ့နော်။ ထားဝယ်ကနေ မြိတ်အထိဆိုရင် သူလည်း သိပ်တော့ မထူးဘူး။ ၇ သိန်း ၈ သိန်းလောက် ရှိမယ်။ ၅ သိန်းအထက် ပေးရတယ်။

DW ။ ဒီလိုပေးရတဲ့အခါ အစ်ကိုတို့အတွက် တွက်ခြေကိုက်လား ဘယ်လိုအခက်အခဲတွေ ရှိလဲ..

ဖြေ ။ အခုနောက်ပိုင်းမှာ လမ်းကြေးတွေက ခန့်မှန်းတာထက် ပိုပိုပြီးတော့ များများလာလို့ စရိတ်စကတွေနဲ့ မကိုက်ကြဘူး၊ မကိုက်ကြဘူးဆိုတော့ ဒီလိုပဲပေါ့ ကျွန်တော်တို့ လုပ်ငန်းကလည်း ကားလုပ်ငန်းပဲ လုပ်နေကြရတာဆိုတော့ ရှိတဲ့ဟာလေးနဲ့ ကျားကုတ်ကျားခဲ နေနေကြရတာပေါ့။ ဒီဟာလေး မပြိုကွဲသွားအောင် ရပ်တည်နေကြရတာပေါ့။

ကျွန်တော်တို့ကလည်း ကားလုပ်ငန်းပဲ လုပ်တတ်တာ တခြားလုပ်ငန်းလည်း မလုပ်တတ်ကြဘူးဆိုတော့ ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် ကုန်ပစ္စည်းလေးတွေ ပိုရှာပိုတင်ပေါ့လေ၊ ပိုတင်တော့လည်း ဘာမှတော့ မထူးပါဘူး ကားပြင်ဆင်စရိတ်နဲ့ ကားပျက်တဲ့အခါ သုံးရတဲ့ဟာနဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။

DW ။ နောက်တစ်ခုက လက်နက်ကိုင်တပ်တွေက ကားသမားတွေကို ငွေကျပ်သိန်း ရာချီ ဆယ်ချီ ထောင်ဂဏန်းထိ တောင်းတာတွေ ရှိတယ်လို့ ကြားသိရတယ်၊ အဲဒါတွေက ဟုတ်သလား.. ကောလာဟလ သတင်းတွေလား..

ဖြေ ။ တစ်ခေါက်ကတော့ အဲလိုမျိုး ကြားလိုက်တယ်၊ ဒီကနေသွားရင် ရာချီဘာညာတော့ မပေးရဘူး၊ သို့သော်ညားလည်း တစ်ခေါက်စာ နှုန်းထားတော့ ပေးရတယ်။ သိန်းရာချီ ဆယ်ချီကတော့ တချို့ကုန်ကားတွေမှာ ပေးရတာမျိုး ရှိကောင်းလည်း ရှိနိုင်ပါတယ်။ ပေးရတယ်လို့လည်း ကျွန်တော်တို့လည်း ကြားရပါတယ်။ ဘယ်လိုမျိုးဖြစ်လို့ ပေးရလဲတော့ မသိဘူး။

ကျွန်တော်တို့ မှန်လုံကားတွေမှာဆိုလည်း အရင်က ၄၀၀၀၊ ၅၀၀၀၊ လောက်ပေးပြီး သွားရင်ရပေမဲ့ အခုအခါ သောင်းချီသိန်းချီပြီး ပေးရတဲ့ ဂိတ်တွေလည်း ရှိတယ်။

DW ။ နောက်ဆုံးတစ်ခုအနေနဲ့ မေးချင်တာ လမ်းမှာ ကားသမားတွေ ပစ်ခံရတာတွေလည်း ရှိတော့ အဲဒီအပေါ် ဘာပြောချင်တာ ရှိမလဲ။

ဖြေ ။ ဘာပြောချင်လဲဆိုတော့ လူ့အသက်လေ၊ ကျွန်တော်တို့ ကားသမားတွေ ယာဉ်နောက်လိုက်တွေဆိုတာကလည်း သူတို့လက်ထဲမှာ ဂွင်းဂွကလွဲပြီး ဘာပါလို့လဲ။ ကျွန်တော်တို့မှာလည်း မိသားစုတွေ ရှိတယ်၊ ယာဉ်မောင်းတွေမှာလည်း မိသားစုတွေ ရှိတယ်။ ဒီလိုမျိုးတွေ လုပ်တဲ့ အခါကျတော့ ကျွန်တော်တို့လည်း အရမ်းကြီးကို ကြောက်ရွံ့ထိတ်လန့်ရတာပေါ့။

ကျွန်တော်တို့အနေနဲ့ လမ်းပေါ်မှာ သွားတဲ့အခါကျရင်လည်း အရင်တည်းက ကားမောင်းပြီဆိုတည်းက အန္တရာယ်နဲ့ သွားနေကြရတာပေါ့နော်။ အခုကျတော့ အဲဒီအန္တရာယ်က ကျွန်တော်တို့အတွက် အသေးအမွှားဖြစ်ပြီး တခြား မလိုလားအပ်တဲ့ အန္တရာယ်တွေက အရမ်းကြီး စိုးရိမ်စွာ ကြောင့်ကြနေရတာပေါ့နော်။

ဘယ်အချိန်မှာ ဘာဖြစ်ပြီး ဘယ်လိုဖြစ်မယ်မသိတဲ့ အနေအထားမှာ တချို့ဒီဘက်လမ်းကြောမှာ မောင်းနေတဲ့ ယာဉ်မောင်းတွေတောင်မှပဲ တော်တော်များများ နားတဲ့ယာဉ်မောင်းတွေ နားကြတယ်။ ကျွန်တော့်ဆီက ယာဉ်မောင်းတွေလည်း နားတဲ့သူတွေ နားကြတယ် အနေအထားက ပိုကျပ်တည်းလာတော့ သူတို့အတွက် အန္တရာယ်လည်း အရမ်းများလာကြတာပေါ့။

DW ။ အဓိကတော့ အန္တရာယ်ကြားကနေ ဝမ်းစာရှာစားနေရတာပေါ့လေ၊ အဲဒီအပေါ် ဘယ်လို ပြောချင်တာ ရှိမလဲ။

ဖြေ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ အန္တရာယ်ကြားက ဝမ်းစာရှာရတဲ့အပြင် အစောကပြောခဲ့တဲ့ စကားကို ပြန်ကောက်ရရင် စိုက်ပျိုးရေးသမားကတော့ သူစိုက်ပျိုးရေး လုပ်နေလို့ရှိရင် ဒါသူ့လုပ်ငန်းက သူကျွမ်းကျင်ရာ လုပ်တာပေါ့နော်၊ ကျွန်တော်တို့ ကားသမားတွေ ကားဆရာတွေက ဒီကားပဲ မောင်းတတ်ကြတာဆိုတော့ ဒီယာဉ်ကြောပေါ်မှာ အန္တရာယ်များနေမှန်း သိသော်ငြားလည်းပဲ မိသားစုတွေ ရှိသေးတာကိုးနော်။

ကျွန်တော်တို့အတွက် ဝမ်းစာအတွက် ကျွန်တော်တို့ကို မှီခိုနေတဲ့ မိသားစုပေါင်းက အများကြီးရှိကြတယ်။ ဒီအတွက် ကျွန်တော်တို့တွေမှာ အန္တရာယ်များလည်းပဲ ဒီလမ်းကြောက အနေအထားတွေ ဘာတွေကို နားစွင့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီပြီး ဘယ်နားမှာတော့ ဘယ်လိုအသံလေး ကြားနေတယ်။

တစ်ယောက်နဲ့တစ်ယောက် ဖုန်းလိုင်းမိရင်လည်း ဖုန်းအချိတ်အဆက်လေးနဲ့ ဖုန်းလိုင်းမမိလည်း ကားအတက်အဆင်းက သတင်းစကားတွေကို နားစွင့်ပြီး သွားနေကြရတာပေါ့။ ဒီလိုနားစွင့်ပြီး သွားနေရင်းနဲ့မှာ အသက်တွေ ပေးသွားရတဲ့ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေလည်း ရှိပါတယ်။