အစ္စရေးက အီရန်ကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မစ်ဆိုင်းဒုံးဖြင့် လက်ဦးမှုယူ တိုက်ခိုက်သည်။
အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန်ကလည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက Al Jazeera သတင်းဌာနကို အတည်ပြုပြောကြားသည်။
အီရန် မြို့တော်ဖြစ်သော တီဟီရန်မြို့တွင် ပေါက်ကွဲသံများ အကြိမ်ကြိမ် ကြားခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်တစ်နိုင်ငံလုံး၏ လေပိုင်နက်ကို နောက်ထပ်ထုတ်ပြန်ချက် ထွက်ပေါ်မလာခင်အထိ ပိတ်ထားကြောင်း အီရန်အရပ်ဘက်လေကြောင်းဦးစီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တီဟီရန်ရှိ ဒေသအချို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်များ ပြတ်တောက်လျက်ရှိသည်။
အီရန်ဘက်မှ လက်တုံ့ပြန်မှုကို ကာကွယ်ရန် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားပြီး အစ္စရေးနိုင်ငံတဝှမ်းတွင် လေကြောင်းရန်ကာကွယ်ရေးသတိပေးစနစ် ဖွင့်ထားကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
အီရန်ကို အမေရိကန်က တိုက်ခိုက်ရန်နှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
သို့သော် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ၎င်းအနေဖြင့် စိတ်ကျေနပ်မှု မရှိကြောင်း ဆိုသည်။
အီရန်အစိုးရအပြောင်းအလဲ ဖြစ်ပေါ်စေရေး အပါအဝင် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများသည် ဆက်လက်ရွေးချယ်နိုင်သော နည်းလမ်းတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ထရမ့်က ပြောဆိုထားသည်။
အီရန်၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများမှာ မည်သည့်ရလဒ်မျှ မထွက်ပေါ်ဘဲ ပြီးဆုံးသွားခဲ့ပြီး နောက်အပတ်တွင် ဆက်လက်ဆွေးနွေးရန် အဆိုပြုထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ရေတပ်အင်အားကို အကြီးအကျယ် တိုးမြှင့်ချလာချိန်တွင် အစ္စရေး၏ အီရန်အပေါ် ယခု တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီရန်အဏုမြူစီမံကိန်းပြဿနာနှင့် ပတ်သက်၍ ထရမ့်က အီရန်ကို ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက် ရယူရန် နောက်ဆုံးသတ်မှတ်ရက် ပေးထားပြီး ယင်းကာလအတွင်း အင်မတန် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးထားခဲ့သည်။
Source: Al Jazeera ၊ The Guardian







