နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် သရက်ချောင်းမြို့နယ်တွင် အရပ်သားခုနစ်ဦး သတ်ဖြတ်ခံထားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။
ကလိန်အောင်အခြေစိုက် ခမရ (၄၀၉) ခြေမြန်တပ်ရင်း စစ်ကြောင်းသည် သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာစဉ် စုံစင်ဖျားရွာမီးသတ်ရုံအနီးရှိ ရော်ဘာ တောထဲတွင် တွေ့ရှိသည့် အရပ်သားခုနစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ပစ်သတ်ခံထားရသည့် ရုပ်အလောင်းများကို ဖေဖော်ဝါရီလ ၂၇ရက်က တွေ့ရှိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်း အမြစ်အချို့နှင့် ဒေသခံအချို့က ပြောဆိုသည်။
အသတ်ခံရသူများတွင် အမျိုးသမီးငါးဦး၊ အမျိုးသားနှစ်ဦးဖြစ်ပြီး ၎င်းတို့မှာ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။
နားထင်ကို ပစ်ခတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
Dawei Watch က ရရှိထားသည့် ရုပ်အလောင်းဓာတ်ပုံများတွင်လည်း ဦးခေါင်းကို ပစ်ခတ်ခံထားရသည့် ဒဏ်ရာများကို တွေ့ရသည်။
စုံစင်ဖျားရွာအနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ယခုရုပ်အလောင်းတွေ့ရှိသူ နေရာမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သည့်နေရာဖြစ်ကြောင်း စစ်ရေးသတင်းအရင်း အမြစ်တစ်ဦးက ပြောဆိုသည်။
အသတ်ခံရသည့် ဒေသခံခုနစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်တို့ကိုမူ အသေးစိတ် မသိရသေးပေ။
သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ပထမအပတ်ကစတင် စစ်ကြောင်း ထိုးနေပြီး ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ပူးပေါင်းတပ်တို့နှင့် သဲချောင်းကြီးရွာတွင်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနောက် မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို ပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်ကို ကြည်း၊ ရေ၊ လေဖြင့် တန်ပြန်တိုက်ခိုက်နေသည်။
ဝင်းဝစခန်းဝန်းကျင်နှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သည့် မင်းဒပ်၊ သိမ်ကုန်း၊ ချောင်းဝပြင်၊ သဲချောင်းကြီး၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ကနက်သီရိ၊ ဂုံညှင်းဆိပ်ရွာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ယခုလအတွင်း ဗုံးကြဲတိုက်ခိုက်နေသည်မှာ ဖေဖော်ဝါရီလ ၂၇ရက်က ၁၁ မြောက်အထိ ရှိပြီဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပြင်းဖြူသားရွာကို လေယာဉ်ဗုံးကြဲမှုတွင် စားရိက္ခာပြန်လာယူသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ခြေထောက် ပြတ်တောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ဖုန်းလိုင်းဆက်သွယ်၍မရခြင်း၊ လမ်းပိတ်ထားခြင်းကြောင့် အရေးပေါ်ဆေးတပ်ဖွဲ့ကို အကူအညီတောင်းမှုကြန့်ကြာခဲ့ပြီး လူနာကို သယ်ယူပို့ဆောင်စဉ် သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။







