ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇွန်ဘီတွေနေတဲ့ နိုင်ငံ‌တော်

January 28, 2026

အပိုင်း (၃) ငါတို့မြို့ကို ငါတို့ပိုင်တယ်

မြို့ကြီး၏ လုံခြုံ‌ရေး အဆင့်တို့မြှင့်လိုက်သည်။ တော်လှန်ရေး တပ်ဖွဲ့များသည် မြို့နှင့် အနီးဆုံးနေရာအထိ ထိုးစစ်ဆင် သိမ်းပိုက်လာနိုင်မှုကို မြို့အာဏာကို မတရားရယူထားသော အာဏာရှင်တို့မှာ ခေါင်းမီးတောက် ဖြေရှင်းရမည့် ပြဿနာဖြစ်ပေသည်။

“ငြိမ်ဝပ်ပိပြားရေး” ဟူသော ခေါင်းစဉ်ဖြင့် ဇွန်ဘီအဖြစ် သွပ်သွင်းခံခဲ့ရသော မြို့သူမြို့သားများသည် ပွဲတော်ရက်များတွင် အေးအေးဆေးဆေး ကခုန်နေခွင့် ရခဲ့သော်လည်း လက်ရှိအချိန်တွင် အာဏာရူးများက ဇွန်ဘီများကို သက်ရှိဒိုင်းလွှားများဖြင့်ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း သိသိသာသာ ထင်ရှားသော လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်လာကြသည်။

ယခင်မြို့တွင်း၏ လမ်းမများထက်တွင် ဇွန်ဘီတွေ၏ ကခုန်ခြင်း ပွဲလမ်းသဘင်များဖြင့် စည်ကားနေသော်လည်း နေ့ခင်းဖက်မှာမူ မြို့ကြီးမှာ ဖုန်အလှိမ့်လှိမ့်ဖြင့်သာ ခြောက်ကပ် တိတ်ဆိတ်လျက်ရှိသည်။ ထိုလမ်းမများတွင်း မရိုးနိုင်အောင် မြင်တွေ့ရသော မြင်ကွင်းမှာ မြို့ထဲမှ ဇွန်ဘီတွေကို လောလီကားကြီးတွေနဲ့ စုတင်သွားသည့် မြင်ကွင်း တခုတည်းသာဖြစ်သည်။

“ညက ကခုန်ရင်း ပျော်ရွှင်နေကြသော ဇွန်ဘီများသည် မနက်ခင်းတွင်တော့ သံချေးတက်နေသော သေနတ်များ၊ အဝတ်အစားနွမ်းများနှင့်အတူ လောလီကားပေါ်တွင် အရုပ်ကြိုးပြတ် ပါသွားကြသည်။ သူတို့ ဘာအတွက် တိုက်ရမည်ကို မသိ။ ဘယ်သူ့ကို ပစ်ရမည်ကိုလည်း မသိ။ သူတို့ သိသည်မှာ အမိန့်နာခံရန်သာ။”

ကားပေါ်ပါသွားသော ဇွန်ဘီလေးတွေကို မြင်ရခြင်းမှာ များစွာ စိတ်မသက်မသာ၊ ဝမ်းနည်းဝမ်းသာဖြစ်ရပြန်သည်။ ညဘက်မှာ “စည်းလုံးခြင်းအတွက် သီချင်းတပုဒ်” ဆိုတဲ့ သီချင်းဖြင့် ကခုန်နေခဲ့ကြသည့် မြင်ကွင်းကို ပြန်မြင်ယောင်ပြီး အသိခေါက်ခက်ခြင်းအပေါ် ဝမ်းသာမိသော်လည်း လောလီကားပေါ်မှာ အတင်းအဓမ္မ တင်ဆောင်ခံရပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့ မြင်ကွင်းများကို မြင်ရခြင်းမှာ စိတ်ထဲ မကောင်းဖြစ်ရပြန်သည်။ သူတို့တယောက်ချင်းစီသည် ဒယိမ်းဒယိုင်ကားကြီးပေါ်တွင် ဘယ်ကိုသွားမည်၊ ဘာဆက်မည်ဆိုတာကို ဘာမှမသိဘဲ ငေးငိုင် သိမ်ငယ်စွာဖြင့်ပါသွားလေသည်။

ထိုမြင်ကွင်းသည် ပထမ ကမ္ဘာစစ်တုန်းက စစ်ရှုံးခါနီး ဂျာမန်အင်ပါယာမှာ အရွယ်မရောက်သေးသော စစ်သားများကို ရက်တို သင်တန်းပေးကာ ရှေ့တန်းလွှတ်ခဲ့သည့် မြင်ကွင်းနှင့်ထပ်တူလှသည်။ ဂျာမန်အင်ပါယာသည် ထိုအဖိုးတန် လူငယ်များကို စစ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ရှေ့တန်းကို ပို့ဆောင်ခဲ့ခြင်းမဟုတ်။ ကမ္ဘာစစ်တွင် တရက်တန်သည်ရှိစေ အသက်ဆက် စစ်မရှုံးရန် အဖိုးတန်လူအသက်တွေကို သက်ရှိဒိုင်းလွှားများပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။

“အမိမြေအတွက်” ဟု ဟစ်ကြွေးကာ စစ်ထွက်သွားသော တက္ကသိုလ်ကျောင်းသားတယောက်သည် ရှေ့တန်းစစ်မျက်နှာကို မျက်မြင်တွေ့ရပြီးမှ မြို့တွင်၏ ဝါဒမှိုင်းကို နားလည်ခဲ့ရသည့် ဖြစ်ရပ်မျိုး . . .

သို့သော်လည်း မြို့တွင်းတွင်မှာတော့

“ကမ္ဘာမီးလောင် သားတောင်ချနင်း” မူဝါဒက ဆက်လက်ကြီးစိုးလျက်ရှိသည်။

“ဘယ်သူသေသေ ငတေမာရင်ပြီးရော” စကားသံများ ဆူညံလျက် ဆူညံမြဲသာဖြစ်သည်။

တော်လှန်ရေဒီယိုမှတော့ မြို့ပြ၏ “လူဖမ်းပွဲ” ဟု အမည်ပေးထားသော အစီအစဉ်တစ်ခုကို ထုတ်လွှင့်လျက်ရှိသည်။ ညဘက် လမ်းမများပေါ် ကခုန်လျက်ရှိသည့် ဇွန်ဘီများသည် မနက်ခင်းတွင် “စစ်မှုမထမ်းမနေရ” ခေါင်းစဉ်ဖြင့် ရှေ့တန်းစစ်မျက်နှာသို့ အပို့ခံနေရကြောင်း သတင်းသည် မြို့တွင်းပုန်းခိုနေသူများအတွက် စိုးရိပ်ထိတ်လန့်ဖွယ်ရာ သတင်းဆိုးကြီးဖြစ်သည်။ သို့သော် သူတို့အနေဖြင့် လွတ်မြောက်ရန်မှာ မစွမ်းသာလှချေ။

“သူတို့က ငါတို့ကို လူလို့တောင် မသတ်မှတ်တော့ဘူး” လမ်းကြားတစ်ခုထဲတွင် ပုန်းအောင်းနေသော အသိစိတ်မပျောက်သေးသည့် လူငယ်တစ်စုက တီးတိုးရေရွတ်ကြသည်။

ဇွန်ဘီ Virus ကူးစက်ခံထားရသူများသည် သူတို့၏ လက်ထဲသို့ အတင်းအဓမ္မ ထည့်ပေးလိုက်သော သံချေးတက် သေနတ်များကို ကိုင်ထားသော်လည်း ဘယ်သူ့ကို ပစ်ရမည်မှန်း မသိကြ။ သူတို့သိသည်မှာ “အမိန့်” ဆိုသည့် စကားလုံးတစ်ခုသာ။

သို့သော် မြို့ပြင်မှ ဗုံးသံများ ပိုမိုကျယ်လောင်လာပြီး မိမိတို့၏ အိုးအိမ်များ မီးလောင်ပျက်စီးလာသည်ကို မြင်ရသောအခါ ဇွန်ဘီအချို့၏ အရောင်မှိန်နေသော မျက်လုံးများထဲတွင် ထူးဆန်းသော အသိစိတ်အလင်းတန်းအချို့ ပြန်လည်စတင်လာသည်။

မြို့ပြင်မှ ဗုံးသံများ ပိုမိုကျယ်လောင်လာပြီး မိမိတို့၏ အိုးအိမ်များ မီးလောင်ပျက်စီးလာသည်ကို မြင်ရသောအခါ ဇွန်ဘီအချို့၏ အရောင်မှိန်နေသော မျက်လုံးများထဲတွင် ထူးဆန်းသော အသိစိတ်အလင်းတန်းအချို့ ပြန်လည်စတင်လာသည်။

ထိုသို့သော နေ့ရက်များ၏ မနက်ခင်းတခုတွင် သားကို မမှတ်မိတော့သည့် အမျိုးသမီးကြီးထံသို့ သူမ၏ သားမှာ ‌‌ရှေ့တန်းစစ်မျက်နှာ တခုတွင် ကျဆုံးသွားပြီဖြစ်ကြောင်း ဖုန်းတကော ဝင်လာခဲ့သည်။ သူမအနေဖြင့် ယခင်လများက ‘မငိုရင်ပိုလွယ်တယ်။ ငိုကြွေးနေခြင်းဟာ အဖြေမဟုတ်’ ဟုခံယူထားသော်လည်း ထိုသတင်းရောက်သည့် အချိန်တွင် သူမ မျက်ဝန်းမှ မျက်ရည်စများ အလိုလိုကျဆင်းလာသည်။

ထိုမျက်ရည်စက်များ၏ နောက်တွင် သူမ စားသုံးခဲ့သော မျှော်လင့်ချက်ကင်းမဲ့သည့် မနက်စာနှင့် ကြောက်ရွံမှုဖြင့် အိပ်ယာဝင်ခဲ့ရသည့် နေရက်များကို ပြန်လည်မေးခွန်းထုတ်လာသည်။ ပြီးတော့ သူမ၏ သား ဘာအတွက် အသက်ပေးခဲ့ရသလဲ ဟူသည့်မေးခွန်း . . .

“သား ဘယ်သူ အတွက် သေဆုံး၊ အသက်ပေးခဲ့ရသလဲ” ဟု တိုးတိုးလေးညည်းသည်။ ထိုနောက် . . . သူမ ရှိုက်ကြီး တငင် ငိုကြွေးပစ်လိုက်သည်။

အမေတယောက်က ပြောဖူးသည်။ “အမေတယောက်အဖို့ အကြေကွဲရဆုံး အခိုက်အတန့်က အမေ အသက်ရှင်လျက် သားဈာပနကို လိုက်ပို့ရခြင်းပဲတဲ့။ သားတယောက်ကို ဆုံးရှုံးရတဲ့ သူမအတွက် နာကျင်လွန်းလှသည်။ ထိုထက် ဂငါတို့ကို လွတ်မြောက်အောင် တိုက်ခိုက်ပေးနေသူတွေကို အာဏာရှင်လူတစုအဖို့ တိုက်ခိုက်ပေးရင်း သေသွားရတယ်” ဆိုတဲ့ အသိကပိုနာကျင်ရသည်။

ထိုနောက် စစ်ကားပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ခံရသော လူငယ်များထဲတွင် သူ့သား၏ ရုပ်သွင်ကို ရုတ်တရက် မြင်ယောင်လာသည်။ စစ်ယူနီဖောင်း အနွမ်းကြီးများဖြင့် ကားပေါ်တွင် ကြောက်ရွံ့စွာ ထိုင်နေကြသော ထိုလူငယ်များ၏ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ပြန်မြင်ယောင်လာသည်။ ဤမျှအထိ ရက်စက်စွာ အသုံးချခံနေရခြင်းကို ကိုယ်တိုင်ခံစားခဲ့ရသောအခါ သူမ၏ နှလုံးသားထဲမှ နာကျင်မှုသည် Virus ကို အနိုင်ယူပြီး အသိစိတ်ကို ပြန်လည်နိုးထစေခဲ့သည်။

“ငါတို့ကို လူလို့တောင် မသတ်မှတ်တော့တာ”

သူမ၏ အော်ဟစ်ငိုကြွေးသံသည် တိတ်ဆိတ်ခြောက်ကပ်နေသော လမ်းမထက်တွင် ပဲ့တင် ထပ်သွားသည်။ ထိုအသံသည် အခြားသော ဇွန်ဘီများ၏ အေးစက်နေသော သွေးများကို ပြန်လည် နွေးထွေးလာစေသကဲ့သို့ ရှိ၏။ တစ်ယောက်ပြီး တစ်ယောက်၊ အတိတ်မေ့နေသော မျက်လုံးများတွင် မျက်ရည်စများ ဝေ့သီလာကြသည်။ ထိုစကားလုံးသည် မြို့သူမြို့သားများ၏ ရင်ထဲသို့ မြှားတစ်စင်းလို စိုက်ဝင်သွားသည်။ ဇွန်ဘီဟု သတ်မှတ်ခံထားရသူများသည် တစ်ဦးကိုတစ်ဦး ပြန်ကြည့်ကြသည်။

ထိုသို့ ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့ပြီးနောက် –

အသက်ငင်နေသည့် မြို့ပြ၏ အမှောင်ထုကြားတွင် တိတ်ဆိတ်ငြိမ်သက်နေသော ဖုန်းလိုင်းများဆီမှ ထူးဆန်းသော signal တစ်ခု ဖြတ်သန်းလာသည်။ လမ်းကြားထဲတွင် ပုန်းအောင်းနေသော လူငယ်တစ်စု၏ လက်ထဲမှ ဖုန်းလေးများမှာ တုန်ခါလာပြီး Signal အပြည့် ပြလာသည်။

“ချိတ်ဆက်မိပြီ!”

လူငယ်တစ်ဦးက ဝမ်းသာအားရ တီးတိုးရေရွတ်လိုက်သည်။ ၎င်းသည် မြို့ပြင်မှ တော်လှန်ရေး တပ်ဖွဲ့များက မြို့တွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များကို ခေတ္တထိန်းချုပ်လိုက်နိုင်ခြင်းပင်။ ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားတစ်ကြောင်းတည်းသာ ပေါ်လာသည်။

“တံခါးတွေကို ဖွင့်ထားပေးပါ။ ငါတို့ လာနေပြီ။”

ထိုစာသားသည် မြို့ထဲတွင် ပုန်းအောင်းနေသူများအတွက်ရော၊ အသိစိတ်ပြန်ဝင်လာသည့် ဇွန်ဘီများအတွက်ပါ သွေးချင်းချင်းနီသော မျှော်လင့်ချက်တစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် မြို့၏ အရှေ့ဘက် ကောင်းကင်ယံမှ အချက်ပေး မီးကျည်တောက်တစ်ခုသည် နီရဲစွာ ထိုးတက်သွားသည်။ ၎င်းသည် တော်လှန်ရေးတပ်ဖွဲ့များ မြို့တံခါးဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အချက်ပေးလိုက်ခြင်းပင်။

“ငါတို့မြို့ကို ငါတို့ပိုင်တယ်!”

လမ်းကြားထဲမှ လူငယ်များက စတင်အော်ဟစ်လိုက်ကြသည်။ ထိုအသံသည် လောလီကားပေါ်တွင် အရုပ်ကြိုးပြတ် ပါသွားနေသော ဇွန်ဘီများ၏ နားထဲသို့ စူးရှစွာ ဝင်ရောက်သွားသည်။ အသိစိတ် ပြန်ပွင့်လာသူများက ကားပေါ်မှ ခုန်ချကြသည်။

သူတို့လက်ထဲက သံချေးတက် သေနတ်များကို ရှေ့တန်းသို့မဟုတ်ဘဲ မိမိတို့ကို ဖမ်းဆီးချုပ်နှောင်ထားသော၊ ဝါဒမှိုင်းတိုက်နေသော အာဏာရှင်တို့၏ ဖက်သို့ သေနတ်ပြောင်းဝကို လှည့်လိုက်ကြသည်။

အနောက်လေများနှင့်အတူ မြို့ပြင်မှ တင့်ကားသံများ၊ သံချပ်ကာကားသံများထက် ပိုမိုကျယ်လောင်သော ခြေသံများ မြို့ထဲသို့ ဦးတည်လာနေပြီ။ အာဏာရှင်တို့၏ ကတ္တီပါလျှောက်လမ်းများပေါ်တွင် သွေးညှီနံ့များအစား လွတ်လပ်ခြင်း၏ လေညင်းများ စတင်တိုက်ခတ်လာသည်။

မြို့စောင့်တပ်များ၏ ရှုပ်ထွေးတုန်လှုပ်နေသော အော်ဟစ်သံများကြားတွင် မြို့တံခါးကြီးသည် အပြင်ဘက်မှ အားအင်များဖြင့် ပွင့်ထွက်သွားတော့သည်။

မြို့ပြ၏ လမ်းမများပေါ်သို့ စစ်ယူနီဖောင်း အသစ်အဆန်းများ ဝတ်ဆင်ထားသော၊ မျက်လုံးထဲတွင် အဓိပ္ပာယ်အပြည့်ရှိသော တော်လှန်ရေး ရဲဘော်များ ဝင်ရောက်လာကြသည်။

ဇွန်ဘီမြို့ကြီး၏ နောက်ဆုံးအသက်ရှူသံသည် ရပ်တန့်သွားပြီးနောက် လူသားဆန်မှုအပြည့်ရှိသော မြို့ပြအသစ်တစ်ခုအဖြစ် နိုးထရန် အဆင်သင့်ဖြစ်နေလေပြီ။

ဇွန်ဘီမြို့သည် အသက်ငင်နေခြင်းမဟုတ်ဘဲ အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန်အတွက် ရုန်းကန်နေခြင်းသာ ဖြစ်သည်။ အမှောင်ထုသည် လင်းစပြုနေပြီ ဖြစ်သလို၊ ဇွန်ဘီများ၏ ကခုန်ခြင်းလည်း ထာဝရ ကုန်ဆုံးသွားခဲ့လေပြီ။

နော်ကောင်း