မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ်ပိုင်း၌ မီးလောင်မှုဖြစ်ပြီး အမျိုသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။
မီးလောင်သည့် အဆောက်အအုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးရှိ သမဝါယမအသင်းပိုင် စျေးဆိုင်ဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
နေ့လယ် ၂ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း၊ အဆောက်အအုံအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သေဆုံးသူမှာ ကျွဲကူးရွာဒေသခံမဟုတ်ဘဲ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ရွာမှ အမျိုးသားဖြစ်ကြောင်း အလောင်းသယ်ဆောင်ရန် ကူညီပေးခဲ့သည့် မြိတ်အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။
မီးလောင်ရသည့် အကြောင်းရင်းနှင့် မီးထဲပါသေဆုံးသူ၏ အချက်အလက်များကို မေးမြန်းနိုင်ရန် မြိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။





ဇန်နဝါရီလ ၂၄ ရက် ညပိုင်းကလည်း ကျွဲကူးရွာ၊ ချမ်းမြသာရီရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်ခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် မီးလောင်မှု ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် တစ်ဆောင်၊ နေအိမ် ၁၈ လုံး၊ တန်းလျားတစ်ခုနှင့် ကုန်တင်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း Dawei Watch က ပြုစုထားသည့် စာရင်းအရ သိရသည်။
ယင်းအပြင် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ရပ်ကွက်၌လည်း စစ်အာဏာရှင်တပ်က ယမန်နေ့ (ဇန်နဝါရီ ၂၇) နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။







