လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာရှိ နေအိမ်တစ်ရွာလုံးနီးပါးကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းပြီး အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားသူများမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စခန်းကြီးကျေးရွာအုပ်စုတွင် ကျင်းပနေသော စစ်အာဏာရှင်တပ်၏ ရွေးကောက်ပွဲတွင် လုံခြုံရေးယူပေးခဲ့သော စစ်အာဏာရှင်တပ်သားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်အာဏာရှင်တပ်သားများမှာ ဇန်နဝါရီ ၂၆ ရက် နံနက်စောစောတွင် ခမောင်းတောင်ကျေးရွာသို့ ရောက်ရှိလာပြီး လူမရှိသည့် နေအိမ်များတွင် တပ်စွဲနေထိုင်ကာ ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒီတစ်ကြိမ်မှာတော့ ခမောင်းတောင်တစ်ရွာလုံးနီးပါးပါပဲ။ အဝတ်အစား၊ ထမင်းပေါင်းအိုး၊ အသုံးအဆောင်ပစ္စည်းတွေ အများကြီးပါသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းစစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ခမောင်းတောင်ကျေးရွာ၌ တစ်ရက်ကျော်ကြာ တပ်စွဲခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ခမောင်းတောင်ကျေးရွာတွင် တပ်စွဲနေထိုင်ချိန်အတွင်း အုတ်ဖိုလုပ်သားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူဆိုရင် နှစ်ကြိမ်ဖမ်းခံထိတယ်။ အရက်မူးပြီး လျှောက်သွားနေတာ။ ပထမအကြိမ်ဖမ်းတာမှာ ဓားတစ်ချောင်းသိမ်းခဲ့ပြီး ပြန်လွှတ်တယ်။ နောက်တစ်ခါထပ်သွားတော့ ထပ်ဖမ်းပြီးမှ ပြန်လွှတ်လိုက်တယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
ယင်းအုတ်ဖိုလုပ်သားမှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီးနောက် ပစ်သတ်လိုက်သည်ဟု ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း၊ အမှန်မှာ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ရွေးကောက်ပွဲအကြိုနေ့များအတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေးရွာအုပ်စုနှင့် ထိန်တွင်း၊ တောင်မင်းပြောင်ကျေးရွာတို့မှ ဒေသခံအများစုမှာ ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းမှစတင်ကာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







